အင်္ဂလန်မှာ ‘Wembley of the North’ ဖြစ်လာမယ့် လူတစ်သိန်းဆံ့ စူပါ ကွင်းသစ် မန်ချက်စတာ ယူနိုက်တက် တည်ဆောက်မည်

မန်ချက်စတာ ယူနိုက်တက်ကတော့ အိုးထရက်ဖို့ဒ်ကွင်း ကို ဖြိုချကာ လူ ပရိသတ် ၁ သိန်းဆန့် စူပါကွင်းသစ်ကြီး တည်ဆောက်သွားမယ့်အကြောင်း ကြေညာလာပါတယ်။

ယူနိုက်တက်ဟာ ‘Wembley of the North’ အဖြစ် ပေါင် ၂ ဘီလီယံတန် ကွင်းသစ်ကြီးအား အိုးထရက်ဖို့ဒ် ကွင်းဧရိယာကိုပင် ဗဟိုပြုကာ တည်ဆောက်လာမှာလည်း ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ အစောပိုင်းတုန်းက သက်တမ်း ၁၁၅ နှစ်ရှိ Theatre of Dreams နေရာတွင် မတည်ဆောက်ဘဲ နေရာသစ်မှာ ကွင်းသစ်တည်ဆောက်ရေး စဉ်းစားခဲ့ပေမဲ့လည်း ယခုအခါမှာတော့ ကွင်းဟောင်းကို ဖြိုချပြီး ယင်းနေရာတွင်ပင် ကွင်းသစ်တည်ဆောက်ရေး ဆုံးဖြတ်လာတာပါ။

ယူနိုက်တက်ဟာ အိုးထရက်ဖို့ဒ်ကွင်းကို မဖြိုချဘဲ မွမ်းမံတည်ဆောက်မှု ပြုလုပ်ပါက ပရိသတ် ၇၄၀၀၀ မှ ၈၇၀၀၀ ဆန့်အဖြစ်သာ တိုးချဲ့နိုင်ပါမယ်။ ကွင်းသစ်တည်ဆောက်ပါက ပရိသတ် ၁ သိန်းအထိ ဆန့်လာမည်ဖြစ်ကာ ဗြိတိန်သမိုင်းတွင် အကြီးကျယ်ဆုံးစီမံကိန်းဖြစ်လာမှာဖြစ်လို့ ကွင်းသစ်တည်ဆောက်ရေး ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

ကွင်းသစ်တည်ဆောက်ပြီးစီးပါက အိုးထရက်ဖို့ဒ်ကွင်းမှာ အသစ်တည်ဆောက်နေတဲ့ ဘာစီလိုနာရဲ့ နူးကမ့်ကွင်းပြီးလျှင် ဥရောပရဲ့ ဒုတိယအကြီးမားဆုံးလည်း ဖြစ်လာပါမယ်။

ယခုကဲ့သို့ ကွင်းသစ်တည်ဆောက်လာမှုနှင့်အတူ ကွင်းသစ်ကြီးက ဗြိတိန်စီးပွားရေးအတွက် တစ်နှစ်လျှင် ပေါင်၇.၃ ဘီလီယံ ပိုမိုရရှိလာစေပါမယ်။

ဒါ့အပြင် ကွင်းဧရိယာတွင် အားကစား၊ ပညာရေး၊ ဖျော်ဖြေရေးနှင့် စီးပွားရေးလုပ်ငန်းများအတွက် စီမံကိန်းများလည်း ပါဝင်ပါမယ်။

ကွင်းသစ်စီမံကိန်းကြောင့် နေအိမ်သစ် ၁၇၀၀၀ အထိ တိုးမြှင့်လာမှာ ဖြစ်သလို ခရီးသွားဧည့်သည် ၁.၈ သန်းအထိ တိုးမြှင့်လာမယ်လို့ ခန့်မှန်းထားကြပါတယ်။ ဒါ့အပြင် ယင်းဧရိယာက အလုပ်အကိုင်သစ် ၉၂၀၀၀ အထိ ဖန်တီးပေးလာနိုင်ပါဦးမယ်။

ယူနိုက်တက်ရဲ့ ကွင်းသစ်တည်ဆောက်မှုကို ကမ္ဘာ့ထိပ်တန်း ဗိသုကာကုမ္ပဏီ Foster + Partners က ဖန်တီးလာမှာ ဖြစ်ပါတယ်။