ယူနိုက်တက် လက်ရှိ ကစားသမားတွေကို လစာလျှော့ စာချုပ်သစ် ပြန်ချုပ်ဖို့ ဆာဂျမ်ရက်ကလစ်ဖ် ကြိုးစားနေ

ယူနိုက်တက် ပူးတွဲ ပိုင်ရှင် ဆာဂျမ်ရက်ကလစ်ဖ်ဟာ မန်ချက်စတာယူနိုက်တက်ရဲ့ အသုံးစရိတ်လျှော့ချရေး အစိတ်အပိုင်းတစ်ရပ်အဖြစ် ကစားသမားများရဲ့ လုပ်ခကို လျှော့ချပြီး စာချုပ်ပြောင်းလဲ ချုပ်ဆိုရန် စီစဉ်နေပါတယ်။

ယူနိုက်တက်ပူးတွဲပိုင်ရှင်ဆာဂျမ်ဟာ နှစ်ပေါင်းများစွာ ကွင်းတွင် ခြေစွမ်းပြနိုင်ခြင်းမရှိတဲ့ ကစားသမားများရဲ့ လုပ်ခကို လျှော့ချနိုင်ရန် ကြိုးပမ်းလာတာလည်း ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ကစားသမားများကို လုပ်ခများစွာမပေးဘဲ အောင်မြင်မှုအပေါ် မူတည်ကာ ဆုကြေးငွေများစွာပေးမယ့် အချက်ဖြင့် အစားထိုးအသုံးပြုလာမှာ ဖြစ်ပါတယ်။ ယင်းစနစ်ကြောင့် ကစားသမားများရဲ့ စွမ်းဆောင်ရည်နှင့် ရလဒ်ပိုင်း ပိုမိုကောင်းမွန်လာမယ်လို့လည်း ကလပ်တာဝန်ရှိသူများ ယုံကြည်နေကြပါတယ်။

ယခုကဲ့သို့ ယူနိုက်တက်ရဲ့ ကစားသမားများရဲ့လုပ်ခအား လျှော့ချနိုင်ရေး လုပ်ဆောင်မှုက အနာဂတ် ကစားသမားခေါ်ယူအားဖြည့်မှုအပေါ်မှာလည်း ရိုက်ခတ်လာဖို့ ရှိနေပါတယ်။

ဒါ့အပြင် စာချုပ်သစ် ချုပ်ဆိုရေး ဆွေးနွေးနေတဲ့ ကစားသမားများရဲ့ အခြေအနေကိုလည်း လှုပ်ခတ်လာစေမှာ သေချာနေပါတယ်။

ကွင်းလယ် ကစားသမား ကိုဘီမိုင်နူးမှာ လက်ရှိအချိန်တွင် ယူနိုက်တက်မှာ တစ်ပတ်လုပ်ခ ပေါင် ၂၀၀၀၀ တည်းသာ ရရှိနေပြီး စာချုပ်သစ်အတွက် တစ်ပတ်လုပ်ခ ပေါင် ၁၅၀၀၀၀ ရရှိလိုနေပါတယ်။

ဒါပေမဲ့ ဆာဂျမ်ရက်လစ်ဖ်ဟာ ကစားသမားများအား လုပ်ခများစွာ တိုးမြှင့်ပေးဖို့ အစီအစဉ် မရှိဘဲ စွမ်းဆောင်ရည်နှင့် အောင်မြင်မှုအပေါ်တွင်သာ အပိုဆုကြေးငွေများစွာ ပေးလာတော့မှာ ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ အသုံးစရိတ်လျှော့ချတဲ့အနေဖြင့် ဝန်ထမ်း ၄၅၀ ဦး လျှော့ချထားသလို ဆာအဲလက်စ်ဖာဂူဆန်ကိုလည်း သံတမန်အဖြစ်မှ ဖယ်ရှားထားပြီး ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ နည်းပြ ရူဘင်အေမိုရမ်လက်ထက် ပရီးမီးယားလိဂ် ၁၇ ပွဲတွင် ၅ ပွဲတည်းသာ အနိုင်ရရှိထားပြီး အမှတ်ပေးဇယားအဆင့် ၁၄ နေရာမှာ ရပ်တည်နေပါတယ်။

ယူနိုက်တက်အတွက် ယခုရာသီ တစ်ခုတည်းသော ဆုဖလားမျှော်လင့်ချက်နှင့် ချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်ချက်က ယူရိုပါလိဂ်သာ ရှိပါတော့တယ်။

၎င်းတို့ဟာ ယနေ့ညမှာ အိုးထရက်ဖို့ဒ်ကွင်းမှာ ယူရိုပါလိဂ် ၁၆ သင်း ရှုံးထွက်အဆင့် ဒုတိယအကျော့ပွဲစဉ်အဖြစ် ဆိုစီဒက်နှင့် ရင်ဆိုင်ရပါမယ်။ ၎င်းတို့ဟာ ပထမအကျော့တုန်းက စပိန်မှာ တစ်ဂိုးစီသရေကျထားပါတယ်။