ဘရူနို ဟက်ထရစ်ဂိုး၊ သရဲနီသစ် ခြေစွမ်းပြမှုနဲ့ အတူ ယူရိုပါလိဂ် ကွာတား တက်သွားတဲ့ မန်ချက်စတာ ယူနိုက်တက်

မန်ချက်စတာ ယူနိုက်တက်ဟာ ရီးရဲလ် ဆိုစီဒက် ကို ဒုတိယ အကျော့မှာ ၄-၁ နဲ့ အနိုင်ယူပြီး ယူရိုပါလိဂ် ကွာတားဖိုင်နယ် သို့ တက်ရောက်သွားပြီ ဖြစ်ပါတယ်။

အခုပွဲမှာ ယူနိုက်တက်အသင်းအတွက် အပေါင်းလက္ခဏာဆောင်တဲ့ တိုးတက်မှုတွေတွေ့လာရပြီး အမော်ရင်လက်ထက် ယူနိုက်တက်အသင်းရဲ့ စိတ်ကျေနပ်စရာ အကောင်းဆုံးခြေစွမ်းကို မြင်တွေ့ခဲ့ရပါတယ်။

အခုနောက်ပိုင်းပွဲတွေမှာ အမော်ရင်ဟာ အမြင်မှန်ရပြီး ဘရူနိုဖာနန်ဒက်စ်ကို ပုံမှန်အတိုင်း No 10 Role ပြန်သုံးတဲ့အတွက် ယူနိုက်တက်တိုက်စစ်စွမ်းဆောင်ရည်က သိသိသာသာကို ပြောင်းလဲသွားပါတယ်။

ချီးကျူးရမှာက ဇာ့ခ်ဇီဖြစ်ပြီး အရင်လို ပျင်းရိပျင်းတွဲပုံစံနဲ့ လေးလေးကြီး မဟုတ်တော့ဘဲ တိုးအား၊ ရုန်းအားကောင်းကောင်းနဲ့ကစားပြနေသလို အဆုံးသတ်ပိုင်း အားနည်းချက်ရှိဆဲဆိုပေမဲ့ သူ့ကစားပုံက တော်တော်လေး ကျေနပ်စရာကောင်းလာပါတယ်။

နောက်ထပ် ချီးကျူးရမှာက အချိန်တိုအတွင်းမှာပဲ ယူနိုက်တက်အသင်းမှာ အံဝင်လာတဲ့ ကစားသမားသစ် ဒေါ်ဂူပါပဲ။ ဒီပွဲမှာ ဒေါ်ဂူရဲ့ Attacking Threat တွေက ဆိုစီဒက်ခံစစ်ကို တစ်ချိန်လုံး ခြိမ်းခြောက်နိုင်ခဲ့သလို သူ့ကြောင့် ပယ်နယ်တီတစ်လုံးရပြီး ဆိုစီဒက်ကစားသမားတစ်ယောက်ပါ အထုတ်ခံခဲ့ရပါတယ်။

ကတ်စ်မဲရိုးကလည်း ရီးယဲလ်မှာတုန်းကလို ပုံစံကောင်းပြန်ရနေတဲ့အတွက် ဘရူနိုဖာနန်ဒက်စ်ဟာ ခံစစ်ကို ပြန်ဆင်းကူစရာ မလိုဘဲ တိုက်စစ်ကို စိတ်ကြိုက်လိုက်ကစားခွင့်ရခဲ့တာဖြစ်ပါတယ်။

ဘရူနိုဖာနန်ဒက်စ် ရှေ့တက်သွားချိန်မှာ မက်ဇ်ယောင်အီက ကတ်စ်မဲရိုးနဲ့အတူ ကွင်းလယ်အဖျက်ပုံစံ တက်ကစားခဲ့ပြီး သူ့ရဲ့ တိုက်စစ်ကို ချိန်သားကိုက် လိုက်ပါမှုကလည်း အထောက်အကူဖြစ်စေပါတယ်။ ပွဲရဲ့ရသကို ဖျက်ဆီးခဲ့တာကတော့ ကွင်းလယ်ဒိုင်လူကြီး ဘတ်စ်တီယန်ပါပဲ။

ဘတ်စ်တီယန်ဟာ ပယ်နယ်တီအလှူကြီးပေးဖို့များ ဆုံးဖြတ်ထားသလားလို့ထင်ရလောက်အောင် ယူနိုက်ဘက်ကို ပယ်နယ်တီကန်ခွင့် ၂ ကြိမ်၊ ဆိုစီဒက်ကို ပယ်နယ်တီ ၁ ကြိမ်ပေးခဲ့ပါတယ်။

ဒါတောင် ယူနိုက်တက်ကို ပယ်နယ်တီဟက်ထရစ်ပေးခဲ့ပြီး VAR ကြောင့်သာ ပယ်ဖျက်ခဲ့ရတာဖြစ်ပါတယ်။ ဒေါ်ဂူကို last Defender အဖြစ် Foul လုပ်ခဲ့တဲ့ အရမ်ဘူရူကို အနီကတ်ပြတာ ဖြစ်သင့်ပေမဲ့ ပယ်နယ်တီတွေကို လွယ်လွယ် ကူကူပေးတာက စိတ်ပျက်စရာကောင်းပါတယ်။

ပထမပိုင်း ၁၀ မိနစ်မှာပဲ ပယ်နယ်တီကနေ အိုယာဇာဘယ်လ်က အဖွင့်ဂိုးသွင်းခဲ့ပြီး ၁၆ မိနစ်မှာ ဟွိုင်လန်းကို ဇူဘယ်လ်ဒီယာ ပြစ်ဒဏ်ကျူးလွန်ခဲ့လို့ ရရှိတဲ့ ပယ်နယ်တီကနေ ဘရူနိုဖာနန်ဒက်စ်က ချေပဂိုးသွင်းခဲ့ပါတယ်။

ဒုတိယပိုင်းမိနစ် ၅၀ မှာ ဒေါ်ဂူကြောင့်ရတဲ့ ဒုတိယမြောက် ပယ်နယ်တီကို ဘရူနိုဖာနန်ဒက်စ်ကပဲ လွယ်လွယ်ကူကူ သွင်းယူခဲ့ပါတယ်။ ဒါက ဒေါ်ဂူရဲ့ပါးနပ်မှုကြောင့် ပယ်နယ်တီရခဲ့တာလို့ သတ်မှတ်ရမှာဖြစ်ပြီး ဒေါ်ဂူဟာ သူ့ဟာသူ ဆိုစီဒက်နောက်ခံလူ အာတစ်ဇ်ကို ဝင်တိုက်တာဖြစ်ပေမဲ့ ဒိုင်လူကြီးက ပယ်နယ်တီပေးခဲ့ပါတယ်။

၈၇ မိနစ်မှာ ဂါနာချို ခင်းပေးတာကနေ ဘရူနိုဖာနန်ဒက်စ်က အနိမ့်ကန်ချက်နဲ့ ဟက်ထရစ်ဖြစ်စေမဲ့ဂိုးကို သွင်းခဲ့ပြီး နာကျင်အချိန်ပိုအတွင်း ဟွိုင်လန်း ပယ်နယ်တီဧရိယာထဲကို ချိူးပေးတာကနေ ဒါလော့တ်က ပိတ်သွင်းခဲ့ပါတယ်။

ဟွိုင်လန်းကတော့ ကံမကောင်းဘဲ လွဲချော်မှုတွေနဲ့အတူ ၂၁ ပွဲအထိ ဂိုးပေါက်ပျောက်ခဲ့ပေမဲ့ ဂိုးဖန်တီးမှုပြုလုပ်နိုင်ခဲ့တာက ကျေနပ်စရာဖြစ်ခဲ့ရပါတယ်။