ယူရိုပါလိဂ် ကွာတားတက်ပြီးနောက် အသင်းဖော်တွေအား သတိပေးစကား ဆိုလိုက်တဲ့ ဘရူနိုဖာနန်ဒက်စ်

ယူနိုက်တက် အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ် က ဆိုစီဒက်အား နိုင်ပွဲအား အခြေခံကို အသင်းကို တည်ဆောက်လိုပါက ပြီးပြည့်စုံတဲ့စိတ်ဓာတ်ရှိနေဖို့ လိုအပ်ကြောင်း ယူရိုပါလိဂ်ကွာတားဖိုင်နယ်သို့ တက်နိုင်ခဲ့ပြီးနောက် ပြောကြားလာပါတယ်။

ယူနိုက်တက်ဟာ အိုးထရက်ဖို့ဒ် ယူရိုပါလိဂ် ၁၆ သင်း ရှုံးထွက်အဆင့် ဒုတိယအကျော့တွင် နောက်ကလိုက်ကစားခဲ့ရပေမဲ့ ဘရူနိုဖာနန်ဒက်စ်ရဲ့ ဟက်ထရစ်၊ ဒါလော့တို့ရဲ့ ဂိုးဖြင့် နှစ်ကျော့ပေါင်းရလဒ် ၅-၂ ဖြင့် အနိုင်ရကာ ကွာတားဖိုင်နယ်သို့ တက်ခဲ့ပါတယ်။

ယူနိုက်တက်ဟာ ယူရိုပါလိဂ်ကွာတားဖိုင်နယ်မှာ ပြင်သစ်ကလပ် လိုင်ယွန်နှင့် ရင်ဆိုင်ကစားရမှာ ဖြစ်ပြီး ဆိုးရွားတဲ့ ရာသီအား ဆုဖလားဖြင့် အဆုံးသတ်နိုင်တဲ့ မျှော်လင့်ချက် ဆုပ်ကိုင်ထားနိုင်ဆဲ ဖြစ်ပါတယ်။

ရူဘင်အေမိုရမ်ရဲ့ ယူနိုက်တက်ဟာ မနေ့ညက ဆိုစီဒက်နှင့်ပွဲမတိုင်မီ ယခင် ၆ ပွဲတွင် ၂ ပွဲတည်းသာ အနိုင်ရခဲ့ပါတယ်။
ယခုအခါ ဖာနန်ဒက်စ်က နောက်ဆုံး ရာသီလက်ကျန် ၂ လအတွင်းတွင် အပြုသဘောဆောင်ရလဒ်များ ရယူနိုင်ရေး အစွမ်းကုန်ကြိုးပမ်းကြရန် ယူနိုက်တက်ကစားဖော်များကို တိုက်တွန်းလာပါတယ်။

ဖာနန်ဒက်စ်က “ဒီကလပ်မှာ အနိုင်ရဖို့က အရေးအကြီးဆုံးပါပဲ။ နိုင်ပွဲတွေ လိုတယ်။ ခရီးရှည်ကြီး သွားရဦးမယ်။ ပွဲတိုင်းကို အာရုံစိုက်နိုင်မယ်၊ မှန်ကန်တဲ့ စိတ်ဓာတ်ရှိရင် ပွဲတိုင်း အနိုင်ရနိုင်ပါတယ်။ ဒီရလဒ် ခြေစွမ်းကြောင့် ယုံကြည်မှု အနည်းငယ် တိုးမြှင့်လာစေပါတယ်။

ယုံကြည်မှုက ဘောလုံးမှာ အရေးကြီးတယ်။ ကျွန်တော်တို့ တိုးတက်မှု အရမ်းကောင်းနေတယ်။ ဒါပေမဲ့ တိုးတက်သလားဆိုတာ ရလဒ်က အဖြေပါ။ ဒီကလပ်မှာ အရေးအကြီးဆုံးက ရလဒ်ပဲ”လို့ ပြောကြားသွားပါတယ်။

ယူနိုက်တက်ဟာ လာမယ့် တနင်္ဂနွေနေ့မှာ ယာယီနည်းပြဟောင်းရဒ်ဗန်နစ္စတယ်ရွိုင်း ကိုင်တွယ်နေတဲ့ လက်စတာနှင့် ရင်ဆိုင်ကစားရပါမယ်။