အိုက်ကာဒီကို ချိတ်လာခြင်း၊ တူချယ်ကို ချီးကျူးတဲ့ ရန်းနစ်နဲ့ ယနေ့ည ချဲလ်ဆီး သတင်းများ

ပီအက်စ်ဂျီတိုက်စစ်မှူး အိုက်ကာဒီကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့အသင်းတွေထဲ ချဲလ်ဆီးလည်း ပါဝင်လာခဲ့ပြီ ဖြစ်ပါတယ်။ အသက်၂၈ နှစ် အရွယ် တိုက်စစ်မူှးဟာ ပီအက်စ်ဂျီမှာပွဲထွက်ခွင့် နည်းပါးခြင်းကို စိတ်ပျက်နေပြီး ဇန်နဝါရီမှာ အသင်းကနေ ထွက်ခွာဖွယ် ရှိနေတာပါ။

ဘောလုံးဝေဖန်သူအဖြစ်ဆောင်ရွက်နေတဲ့ ဂျင်ပီရက်နက်စ်က ဒီအချိန်မှာ ပရီးမီးယားလိဂ်ချန်ပီယံဆုပြိုင်ပွဲမှာ ချဲလ်ဆီးဟာ မန်စီးတီး၊ လီဗာပူးတို့ရဲ့ နောက်ကို ရောက်သွားပြီဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။ ချဲလ်ဆီးဟာ ဝက်စ်ဟမ်းကို ဒီတပတ်မှာ အရေးနိမ့်ပြီးနောက် အဆင့် ၃ နေရာကို ဆင်းပေးခဲ့ရပါတယ်။

မန်ယူယာယီနည်းပြ ရန်နစ်က သူ့တပည့်ဟောင်း တူချယ်အနေနဲ့ ချဲလ်ဆီးကို ကိုင်တွယ်နေပုံနဲ့ ပတ်သက်ပြီး ချီးကျူးခဲ့ကာ တူချယ်အနေနဲ့ ချန်ပီယံလိဂ် ဖလား ရယူပေးနိုင်ခဲ့ပြီး အဆင့်လေးနေရာမှာ ရပ်တည်နေခဲ့တာကကြီးမားတဲ့ အောင်မြင်မှုဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

ချဲလ်ဆီး တိုက်စစ်ကစားသမား ဇီးယက်ချ်က သူ့အနေနဲ့ အနာဂတ်မှာ အသင်းဟောင်း အေဂျက်ဇ်ကို ပြန်လည်ပြောင်းရွှေ့လိုကြောင်း၊ သူ့အနေနဲ့ အေဂျက်ဇ်မှာ ကစားရတာကို နှစ်သက်ကြောင်း၊ အေဂျက်ဇ်ဟာသူ့ရဲ့အိမ်လိုခံစားရကြောင်းဖွင့်ဟခဲ့ပါတယ်။

ချဲလ်ဆီးဝါရင့်နောက်ခံလူ သီယာဂိုဆေးလ်ဗားက ဝက်စ်ဟမ်းကို အရေးနိမ့်ခဲ့တဲ့ပြီးနောက် မိမိတို့အနေနဲ့ တည်တည်ငြိမ်ငြိမ်နဲ့ တုံ့ပြန်နိုင်ဖို့ လိုအပ်ကြောင်း၊ ပုံမှန်အားဖြင့်ဆိုရင် ဝက်စ်ဟမ်းနဲ့ပွဲဟာ သရေကျရမှာဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

ချဲလ်ဆီး တိုက်စစ်ကစားသမား ပူလီဆစ်က သူ့အနေနဲ့ ပြီးခဲ့တဲ့တစ်ခေါက်က ရရှိခဲ့တဲ့ ခြေချင်းဝတ် ဒဏ်ရာကနေ ပြန်သက်သာလာဖို့ တော်တော်လေး ရုန်းကန်ခဲ့ရကြောင်း၊ သူဟာ စိတ်ရှည်တတ်သူမျိုး မဟုတ်ဘဲ အမြန်ဆုံး ပြန်ကစားချင်သူဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

ဝက်စ်ဟမ်းနဲ့ပွဲမှာ အမှားကျူးလွန်ခဲ့တဲ့ဂိုးသမား မန်ဒီကို ချန်လှပ်လိုက်ဖို့ ပြောဆိုနေကြတဲ့အပေါ် ခဲျလ်ဆီးနည်းပြတူချယ်က ၃ ပွဲမှာ ၅ ဂိုး ပေးရတာက ပြဿနာ မဟုတ်ကြောင်း တုန့်ပြန်လိုက်ပြီး ကစားသမားတွေ တစ်ဦးချင်း အမှားတွေကို လျှော့ချကာ ရလဒ် ကောင်းအောင် အာရုံ စိုက်သွားမှာဖြစ်ကြောင်း ဆိုခဲ့ပါတယ်။

ချဲလ်ဆီးကွင်းလယ်လူ ဆောနီဂွတ်ဇ်ကတော့ သူ့ရဲ့ ချဲလ်ဆီး ကစားသမားဘဝနဲ့ ပတ်သက်ပြီး မကျေနပ်မှု ပိုမိုကြီးထွားလျက်ရှိနေကြောင်း သိရပါတယ်။ ဆောနီဂွတ်ဇ်က သူ့အနေနဲ့ ပရီးမီးယားလိဂ်နဲ့ အံ့ဝင်ခြင်းမရှိဘူးလို့ခံစားနေရပြီး အခုထက်ပိုမို အခွင့်အရေး ရလိုနေတာ ဖြစ်ပါတယ်။