အာဆင်နယ်ကနေ ပြောင်းလာခဲ့တဲ့ အိုင်ဒန် ဟဲဗန်း ဘယ်နေရာတွေမှာ တော်သလဲ နည်းပြ အမိုရင် ဖော်ထုတ် ချီးကျူး

နည်းပြ ရူဘင် အမိုရင်က အိုင်ဒန် ဟဲဗန်းကို မန်ချက်စတာ ယူနိုက်တက်ပထမအသင်းမှာ ပုံမှန်ပါဝင်ခွင့်ပေးသွားဖို့ အဆင်သင့်ဖြစ်နေပြီလို့ ပြောကြားခဲ့ပါတယ်။

ဟဲဗန်းဟာ ဇန်နဝါရီလမှာ မန်ယူနိုက်တက်ကို အာဆင်နယ်ကနေ ယူရို ၁.၅ သန်းနဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး ချီဒို အိုဘီ မာတင်ပြီးရင် မြောက်လန်ဒန်ကနေ မန်ချက်စတာကို ပြောင်းရွှေ့လာတဲ့ ဒုတိယမြောက် အသက်အငယ်ဆုံး ကစားသမားဖြစ်လာခဲ့တာဖြစ်ပါတယ်။

ဟဲဗန်းဟာ အာဆင်နယ် စီနီယာအသင်းအတွက် တစ်ပွဲသာ ကစားပေးခဲ့ဖူးပေမယ့် မန်ယူနိုက်တက်ပထမအသင်းထဲကို ချက်ချင်း ခေါ်ယူခြင်းခံခဲ့ရတာဖြစ်ပြီး ဖူလ်ဟမ်ကို ရှုံးနိမ့်ခဲ့တဲ့ အက်ဖ်အေဖလားပွဲမှာ ပွဲဦးထွက်ပါဝင်ခွင့်ရခဲ့တာဖြစ်ပါတယ်။

ဆယ်ကျော်သက်ကစားသမားဟာ အသင်းဟောင်း အာဆင်နယ်နဲ့ပွဲမှာ အရန်ခုံကနေ လူစားဝင်ကစားပေးခဲ့ပြီး ကြာသပတေးနေ့ညက ရီးရဲဆိုစီဒက်ကို ၄-၁ နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ လင်ဒီလော့ဖ်ကိုကျော်ပြီး ပွဲထွက်ခွင့်ရခဲ့တာဖြစ်ပါတယ်။

လီနီ ယိုရိုက ဒီအပတ် လက်စတာနဲ့ပွဲကို လွဲချော်မှာ ဖြစ်တာကြောင့် ဟဲဗန်းအနေနဲ့ နောက်ထပ် ပွဲထွက်ခွင့် ရရှိဖွယ်ရှိနေတာဖြစ်ပါတယ်။

“သူက ခုအတိုင်းဆက်ပြီး ကစားနေရင် သူ ကစားရမှာပါ။ ဟုတ်တာပေါ့။ သူက ငယ်သေးတယ်။ ဒီရာသီမှာလည်း များများစားစား မကစားခဲ့ရဘူး။ ယူနိုက်တက် ယူ-၂၁ အသင်းအတွက် ၄၅ မိနစ်လောက်ပဲ ကစားခဲ့ရပြီးတော့ မိနစ်အနည်းငယ် ကစားခွင့်ရခဲ့တယ်။ အခုတော့ မိနစ် ၉၀ အပြည့်ရခဲ့တယ်။

သူ့ရဲ့ ယုံကြည်ချက်၊ မြန်နှုန်းကို သဘောကျတယိ။ သူက ပင်နယ်တီ ဧရိယာထဲမှာ ခံစစ်ကစားတာ အရမ်းကောင်းတယ်လို့ ထင်ပါတယ်။

သူက တော်တော်လေး ပြည့်စုံနေပေမယ့် လုပ်စရာတွေ အများကြီး ရှိပါသေးတယ်။ ပရီးမီးယားလိဂ်မှာ သူ မတူညီတဲ့ ကစားသမားတွေနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး မတူညီတဲ့ပုံစံနဲ့ စမ်းသပ်ခံရမှာပါ၊

ဒီတော့ ကျွန်တော်တို့ အဲဒါကို ကိုင်တွယ်ဖို့ ကြိုးစားနေပါတယ်။ ဘာလို့လဲဆိုတော့ သူက အရမ်းငယ်သေးလို့ပါ”လို့ ပြောဆိုခဲ့ပါတယ်။