ဂလေဇာ မိသားစုလို ဖန်တွေဆီက ဝေဖန်တို-က်ခို-က်မှုတွေ ခံလာရရင် မန်ယူကနေ ထွက်သွားမယ် လို့ ရက်ကလစ်ဖ် ပြောဆို

သူ့ကို ဝေဖန်တိုက်ခိုက်တာတွေက ဂလေဇာ မိသားစု ခံခဲ့ရတဲ့ အတိုင်းအတာထိ ရောက်လာရင်တော့ သူ့အနေနဲ့ မန်ချက်စတာယူနိုက်တက်ကနေ ထွက်သွားရုံပဲရှိတော့တယ်လို့ ကလပ်ပူးတွဲပိုင်ရှင် ဂျင် ရက်ကလစ်ဖ်က ပြောပါတယ်။

ရက်ကလစ်ဖ်ဟာ လွန်ခဲ့တဲ့ တနှစ်က ယူနိုက်တက်ရဲ့ ရှယ်ယာအနည်းစုကို ဝယ်ယူခဲ့ပေမဲ့ ကွင်းအတွင်းမှာ အသင်းကံကြမ္မာက ဆက်လက်ကျဆင်းနေတာကြောင့် ပရိသတ်တွေရဲ့ မကျေနပ်မှုကို ခံခဲ့ရပါတယ်။ ဒါ့အပြင် သူက လက်မှတ်ခတွကို တိုးမြှင့်ခဲ့သလို အသင်း ဝန်ထမ်းအင်အားကိုလည်း လျှော့ချခဲ့ပါတယ်။

၂၀၀၅ မှာ အငြင်းပွားဖွယ် ချေးငွေနဲ့ အသင်းကို ဝယ်ယူသိမ်းပိုက်ခဲ့တဲ့ ဂလေဇာ မိသားစုလိုမျိုး ပြင်းထန်တဲ့ ဝေဖန်မှုတွေကို ဗြိတိန် ဘီလျံနာ ရက်ကလစ်ဖ် မခံရသေးပါဘူး။

အမေရိကန်လူမျိုး ဂလေဇာ မိသားစုကို ဆန့်ကျင် ဆန္ဒပြတာတွေဟာ အိုးလ်ထရက်ဖို့ဒ်မှာ မကြာခဏ ဖြစ်ပွားလေ့ရှိပါတယ်။ ရက်ကလစ်ဖ်က ပေါင် ၁ ဒသမ ၃ ဘီလျံ (အမေရိကန်ဒေါ်လာ ၁ ဒသမ ၇ ဘီလျံခန့်) နဲ့ ယူနိုက်တက်ရဲ့ ၂၉ ရာခိုင်နှုန်း ရှယ်ယာကို ဝယ်ယူပြီးနောက်ပိုင်း ဂလေဇာ မိသားစုကို မတွေ့ရသလောက်ပဲလို့ ပြောပါတယ်။

“ကျွန်တော် ခဏလောက်တော့ သည်းခံနိုင်တယ်။” လို့ ရတ်ကလစ်ဖ်က ဆန်းဒေးတိုင်းမ်စ်ကို ပြောပါတယ်။

“လူကြိုက်နည်းတာကို ကျွန်တော် အရေးမထားပါဘူး။ ဘာလို့လဲဆိုတော့ ဘယ်သူမှ မန်ချက်စတာယူနိုက်တက်ကို အခုလို အခြေအနေမျိုးမှာ မြင်ချင်မှာ မဟုတ်ဘူးဆိုတာကို ကျွန်တော် နားလည်တယ်။ ပြီးတော့ အခုအချိန်မှာ ကျွန်တော်တို့ လုပ်နေရတဲ့ ဆုံးဖြတ်ချက်တွေကို ဘယ်သူမှ သဘောကျနေမှာ မဟုတ်ဘူး။”

“နည်းနည်းလေး ပြစ်တင်ဝေဖန်ခံရရင်တော့ ကျွန်တော် ခံနိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်လည်း သာမန်လူသားယောက်ပါပဲ။ အထူးသဖြင့် သူငယ်ချင်းတွေနဲ့ မိသားစုအတွက် အဆင်မပြေဘူးပေါ့။”

“ဆိုတော့ နောက်ဆုံး ဝေဖန်တိုက်ခိုက်တာတွေက ဂလေဇာ မိသားစု ခံခဲ့ရတဲ့ အတိုင်းအတာထိ ရောက်လာရင် ‘ငါ့ကောင်တွေရာ တော်ပါတော့ကွာ၊ တခြားတယောက်ကို လုပ်ခိုင်းလိုက်ပါတော့’ လို့ ကျွန်တော် ပြောရပါမယ်။”

ရက်ကလစ်ဖ် ရောက်လာတာဟာ ယူနိုက်တက်အတွက် အောင်မြင်မှုခေတ်သစ်ကို ဆောင်ကြဉ်းပေးနိုင်မယ်လို့ မျှော်လင့်ခဲ့ပေမဲ့ အခုချိန်ထိ မပြည့်ဝသေးပါဘူး။

ရူဘင် အမိုရင်မ်က တန်ဟက်ဂ်နေရာကို အစားဝင်ပြီးနောက်ပိုင်းမှာလည်း သိသာထင်ရှားတဲ့ တိုးတက်မှုတွေကို မလုပ်ဆောင်နိုင်ခဲ့ဘဲ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အောက်ပိုင်းမှာ ရုန်းကန်နေရပါတယ်။

ရက်ကလစ်ဖ်က သူ့ဆီ ရောက်လာတဲ့ ဝေဖန်ပြစ်တင်တာတွေဟာ တာရှည် ပိုဆိုးလာရင် ဆက်မနေတော့ဘူးလို့ ပြောပါတယ်။

“ဂလေဇာတွေက ပွဲကို တကယ်လာလို့ မရပါဘူး။ သူတို့တွေက အခုတော့ အရိပ်ထဲကို နည်းနည်း ဆုတ်သွားကြပါပြီ။ ဆိုတော့ ကျွန်တော်ကပဲ အပြစ်တင်တာတွေ အားလုံး ခံနေရတာပါ။” လို့ သူက ထပ်ပြောပါတယ်။

“ကျွန်တော်တို့ ဝယ်ယူလိုက်ပြီးနောက်ပိုင်း သူတို့ကို မတွေ့ရတော့ဘူး။ သူတို့တုံ့ပြန်တာက ‘ကျေးဇူးတင်တယ် ဂျင်၊ မင်း တကယ်ကောင်းကောင်း လုပ်နေတယ်’ ဆိုတာပါပဲ။”

“အခုအချိန်မှာ ကျွန်တော့်မှာ လုံခြုံရေးမရှိဘူး။ အဲဒီလိုပုံစံနဲ့ သွားလာစရာလည်းမလိုဘူး။ ဒါပေမဲ့ ဒါက ရည်ရွယ်ချက်ကို ပျက်ပြားစေတယ်၊ မဟုတ်လား။ အဲဒီအတိုင်းအတာမှာ ဒါကို ဘယ်သူကမှ သည်းခံနိုင်မှာ မဟုတ်ဘူး။ ဒါက ပျော်စရာလည်း မကောင်းတော့ဘူး။”