ဟွိုင်လန်း၊ ဂါနာချို တို့ ဂိုးပေါက် ပြန်တွေ့ပြီး ဘရူနို အခရာ ကျခဲ့ပြန်တဲ့ ယူနိုက်တက်ရဲ့ လက်စတာကို နိုင်တဲ့ပွဲ

မနေ့ညက ကစားခဲ့တဲ့ လက်စတာနဲ့ ပရီးမီးယားလိဂ် အဝေးကွင်း ပွဲမှာ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ၃-၀ ဂိုးပြတ်နဲ့အနိုင်ရခဲ့ပြီး ဂိုးပေါက်ပျောက်တာ ကြာနေပြီဖြစ်တဲ့ ဟွိုင်လန်း၊ ဂါနာချိုတို့ ဂိုးတွေ ပြန်သွင်းနိုင်ခဲ့ကြပါတယ်။

ယူနိုက်တက်အသင်းရဲ့ကစားပုံက ပြီးခဲ့တဲ့ ဆိုစီဒက်နဲ့ပွဲတုန်းကလောက် ကျေနပ်စရာမဖြစ်ခဲ့ပေမဲ့ တန်းဆင်းရဖို့ တဖြည်းဖြည်းနီးစပ်နေတဲ့ လက်စတာအသင်းရဲ့ စိတ်ပျက်စရာ ခြေစွမ်းကြောင့် အခက်အခဲ ကြီးကြီးမားမားမရှိဘဲ အဝေးကွင်းမှာ အဖိုးတန် ၃ မှတ်ရယူနိုင်ခဲ့ပါတယ်။

ယူနိုက်တက်အတွက် အဖွင့်ဂိုးကို ၂၈ မိနစ်မှာ ဘရူနိုဖာနန်ဒက်စ် အကွက်မြင်မြင်ပေးတာကနေ ဟွိုင်လန်းက ပိတ်သွင်းခဲ့ပြီး ဟွိုင်လန်းဟာ ၂၁ ပွဲဆက်၊ နာရီပေါင်း ၂၂ နာရီနဲ့ ၁၉ မိနစ်ကြာ ဂိုးပေါက်ပျောက်နေမှုကို အဆုံးသတ်နိုင်ခဲ့ပါတယ်။

အခုဂိုးက ဒီဇင်ဘာလအတွင်း ဗစ်တိုးရီးယားပါလ်ဇန်နဲ့ယူရိုပါလိဂ်ပွဲနောက်ပိုင်း ၃ လကျော်အကြာမှ ဟွိုင်လန်း ဂိုးပြန်သွင်းနိုင်ခဲ့တာဖြစ်သလို ပရီးမီးယားလိဂ်မှာတော့ ဒီဇင်ဘာလ ၈ ရက်တုန်းက နော်တင်ဟမ်ဖော်ရက်စ်နဲ့ပွဲနောက်ပိုင်း သွင်းဂိုးပြန်လည်ရရှိခဲ့တာဖြစ်ပါတယ်။

၆၇ မိနစ်မှာ ဘရူနိုဖာနန်ဒက်စ်ပေးတာကနေ ဂါနာချိုက ဂိုးသမားရဲ့ထောင့်ကျဉ်းထဲကို ပိတ်သွင်းခဲ့ပြီး ဂါနာချိုကလည်း ၄ လကြာ ဂိုးမသွင်းနိုင်တဲ့ မှတ်တမ်းဆိုးကို အဆုံးသတ်နိုင်ခဲ့ပါတယ်။

ဂါနာချိုဟာ နိုဝင်ဘာလအတွင်း ဘိုဒိုဂလင့်နဲ့ပွဲနောက်ပိုင်း ပွဲပေါင်း ၂၅ ပွဲ၊ ၂၄ နာရီ ၁၁ မိနစ်အကြာမှ ဂိုးပြန်သွင်းခဲ့တာဖြစ်ပြီး ပရီးမီးယားလိဂ်မှာတော့ နိုဝင်ဘာလ ၁၀ ရက်တုန်းက လက်စတာနဲ့ပွဲမှာ ဂိုးသွင်းပြီးတဲ့နောက် အခု လက်စတာနဲ့ပွဲမှာပဲ ဂိုးပေါက်ရှာတွေခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက်အသင်းရဲ့ နိုင်ပွဲကို အဓိကပုံဖော်ပေးခဲ့တာက ထုံးစံအတိုင်း အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်ဖြစ်ပြီး ၂ ဂိုးဖန်တီးပေးခဲ့သလို ပွဲပြီးခါနီးမှာ ဒါလော့တ်ပေးတာကနေ တတိယဂိုးကို သူကိုယ်တိုင်ကန်သွင်းခဲ့ပါတယ်။

လက်စတာအသင်းကတော့ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အိမ်ကွင်း ၇ ပွဲဆက်တိုက် ဂိုးမသွင်းနိုင်ဘဲ ရှုံးပွဲတွေ့ခဲ့တဲ့ ပထမဆုံးအသင်းအဖြစ် စံချိန်ဆိုးပိုင်ဆိုင်ခဲ့ပါပြီ။