ဂန်းနားတို့ ရှုံးပွဲတွေ့ခြင်း၊ ရန်းနစ်ကို ထောက်ခံတဲ့ နဗီးလ်၊ အိုဒီဂတ်၊ ဒီဘရိုင်းနဲ့ ယနေ့ နံနက်ခင်း သတင်းများ
အာဆင်နယ်အသင်းဟာ ညက အဲဗာတန်ကို ပရီးမီးယားလိဂ် ပွဲ အဝေးကွင်း သွားရောက် ရင်ဆိုင်ရာမှာတော့ ၂-၁ နဲ့ အရေးနိမ့်ခဲ့ပါတယ်။ ထိုပွဲမှာ အိုဒီဂတ်ရဲ့ ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ကွင်းလယ်ဒိုင်ရဲ့ အငြင်းပွားဖွယ် ဆုံးဖြတ်ချက်တွေနဲ့ ပြောစရာတွေလည်း ရှိခဲ့ကာ ဒုတိယပိုင်း ပွဲပြီးခါနီး မိနစ်တွေမှာ အဲဗာတန်က ၂ ဂိုး သွင်းသွားခဲ့တာ ဖြစ်ပါတယ်။
အရေးနိမ့်ခဲ့တဲ့ပွဲမှာ ဂိုးသွင်းနိုင်ခဲ့တဲ့ အာဆင်နယ်ကွင်းလယ်လူ အိုဒီဂတ်ကတော့ စံချိန်ကောင်းတစ်ခုရရှိခဲ့ပါတယ်။ ဒါကတော့ ၂၀၀၂ ခုနှစ်က ရစ္စနောက်ပိုင်း အိုဒီဂတ် (၂၂ နှစ်၊ ၃၅၄ ရက်) ပရီးမီးယားလိဂ်၂ ပွဲဆက် ဂိုးသွင်းနိုင်တဲ့ အသက်အငယ်ဆုံး နော်ေ၀ ကစားသမား အဖြစ် မှတ်တမ်းဝင်ခဲ့တာပါ။

ဘာစီလိုနာတောင်ပံကစားသမား ဒမ်ဘီလီအနေနဲ့ အသင်းကနေ ထွက်ခွာဖို့ အလွန်နီးစပ်လျက်ရှိနေပြီဖြစ်ကြောင်း သတင်းတွေ ထွက်ပေါ်နေ ပါတယ်။ ဒမ်ဘီလီအနေနဲ့ ဘာစီနဲ့ စာချုပ်သက်တမ်း တိုးမြှင့်ဖို့ လုံးဝစိတ်မဝင်စားဘဲ အလွတ်နဲ့သာ ထွက်ခွာလိုနေတာ ဖြစ်ပါတယ်။
မန်စီးတီးနည်းပြ ဂွါဒီယိုလာက လိုက်ပဇစ်နဲ့ ယှဉ်ပြိုင်မဲ့ ချန်ပီယံလိဂ်ပွဲမှာ ကွင်းလယ်ဖန်တီးရှင် ဒီဘရိုင်းအနေနဲ့ ပါဝင်မှာဖြစ်ကြောင်း အတည်ပြု ခဲ့ပါတယ်။ ဒီဘရိုင်းရဲ့ ကြံ့ခိုင်မှုအနေအထား ကောင်းမွန်နေပြီး ပွဲထွက်ကစားမှာဖြစ်ကြောင်း၊ ဒီဘရိုင်းအနေနဲ့ ဘယ်နှစ်မိနစ်လောက် ကစားနိုင်မလဲ ဆိုတာ စောင့်ကြည့်ရမှာဖြစ်ကြောင်း ဂွါဒီယိုလာက ဖွင့်ဟခဲ့ပါတယ်။
မန်ယူနောက်ခံလူဟောင်း ဂယ်ရီနဗီးလ်က မန်ယူအနေနဲ့ ရန်နစ်ကို အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်သင့်ကြောင်း၊ ရန်နစ်အနေနဲ့ မန်ယူမှာ အနည်းဆုံး ၂ နှစ်ခန့်ရှိသင့်ပြီး အသင်းကို တည်ဆောက်မှုတွေပြုလုပ်နိုင်ကြောင်း၊ မန်ယူဟာ လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်း ရန်နစ်လို တည်ဆောက်မှု ကောင်းတဲ့နည်းပြမျိုးကို မပိုင်ဆိုင်ရခဲ့ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။
ဆောက်သမ်တန်ကတော့ ချဲလ်ဆီးနဲ့ မန်စီးတီးတို့ရဲ့ ဂိုးသမားဟောင်း ကာဘယ်လိုင်ရိုကို အရေးပေါ်အဖြစ် ခေါ်ယူခဲ့ပါတယ်။ လက်ရှိမှာ ဆောက်သမ်တန်ရဲ့အဓိက ဂိုးသမားနှစ်ဦးဖြစ်တဲ့ မက္ကာသီနဲ့ ဖော်စတာတို့နှစ်ဦးစလုံး ဒဏ်ရာပြဿနာနဲ့ ကြုံနေုရလို့ ကာဘယ်လိုင်ရိုကို ဇန်နဝါရီ ၅ ရက်နေ့ အထိ တစ်လစာချုပ်နဲ့ ခေါ်ယူခဲ့တာပါ။
ချဲလ်ဆီးနည်းပြတူချယ်က သူ့အနေနဲ့ ဝက်စ်ဟမ်းနဲ့ပွဲမှာ တိုက်စစ်မူှး လူကာကူကို ထည့်သွင်းခဲ့တာ မှားယွင်းခဲ့ကြောင်း၊ လူကာကူရဲ့ ကြံ့ခိုင်မှု အနေအထားဟာ အဲဒီပွဲမှာ ဝင်ကစားရအောင် ကောင်းမွန်ခဲ့ခြင်းမရှိကြောင်း ဖွင့်ဟဝန်ခံခဲ့ပါတယ်။

ဥရောပထိပ်သီး ကလပ်တွေဖြစ်ကြတဲ့ ဘာစီလိုနာနဲ့ ဘိုင်ယန်မြူးနစ်တို့ဟာ မာဆေးကွင်းလယ်လူ ကာမာရာကို ခေါ်ယူဖို့ အပြိုင်ကြိုးပမ်းလျက် ရှိနေကြပါတယ်။ ကာမာရာရဲ့ စာချုပ်ဟာ ရာသီကုန်မှာ ကုန်ဆုံးမှာဖြစ်ပြီးမာဆေးကနေ ထွက်ခွာလိုလျက် ရှိနေတာပါ။
ပြင်သစ်ပထမတန်းကလပ် ပီအက်စ်ဂျီဝါရင့်နောက်ခံလူ ရာမို့စ်ကတော့ ဒဏ်ရာကြောင့် ဘရုဂျက်နဲ့ ကစားမဲ့ ချန်ပီယံလိဂ်ပွဲစဉ်ကိုလွဲချော်မှာ ဖြစ်ပါတယ်။ ရာမို့စ်ဟာ ဒီရာသီမှာ ဒဏ်ရာပြဿနာတွေနဲ့ ကြုံတွေ့ခဲ့ရကာမကြာသေးခင်ကမှ ပြန်လည်ကစားနိုင်ထားတာပါ။