မန်ချက်စတာယူနိုက်တက်မှာ တိုးတက်မှုတွေ စတင် မြင်တွေ့လာရပြီ လို့ နည်းပြ အမိုရင် ကြွေးကြော်

မန်ချက်စတာယူနိုက်တက်အသင်း မန်နေဂျာ ရူဘင် အမိုရင် က အများကြီး လိုသေးတယ် ဆိုပေမယ့် မိမိတို့အသင်းမှာ တိုးတက်မှုတွေ စတင်မြင်တွေ့လာရပြီလို့ လက်စတာစီးတီးကို ၃-၀ ဂိုးပြတ်နဲ့ အနိုင်ရအပြီးမှာ ပြောကြားလိုက်ပါတယ်။

ကင်းပါဝါကွင်းကြီးမှာ ကစားခဲ့တဲ့ ဒီပွဲမတိုင်ခင်မှာ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်ရာသီ ၂၈ ပွဲအပြီးမှာ နိုင်ပွဲနဲ့ ရမှတ် အနည်းဆုံးကို ရရှိထားခဲ့တာပါ။

ဒါပေမဲ့ ဟွိုင်းလန်း ၊ ဂါနာချိုနဲ့ ဖာနန်ဒက်စ်တို့ရဲ့ ဂိုးတွေနဲ့အတူ ယူနိုက်တက်ဟာ ခက်ခဲတဲ့ ရာသီတခုမှာ ရှားရှားပါးပါး သက်တောင့်သက်သာနဲ့ နိုင်ပွဲရခဲ့ပါတယ်။

“ကျွန်တော် ထင်တာကတော့ စွမ်းဆောင်ရည်တွေ တိုးတက်လာနေတယ်၊ စွမ်းဆောင်ရည်နဲ့ ရလဒ် နှစ်ခုလုံး ရလာတော့ ပိုပြီး ကောင်းမွန်တယ်လို့ ခံစားရတယ်။

ဘာလို့လဲဆိုတော့ ရလဒ်က စွမ်းဆောင်ရည်နဲ့ အမြဲတမ်း လိုက်ပါလာတာ မဟုတ်လို့ပါ” လို့ အမိုရင် က ပြောပါတယ်။

“အထူးသဖြင့် ဒီနေ့ အသင်းမှာ မတူညီတဲ့ အရာတွေကို စတင်မြင်တွေ့လာရတယ်။ ကစားသမားတချို့မှာ စွမ်းအင်နည်းပါးတာကို ခံစားရပေမဲ့ အသင်းက အနည်းငယ် ပိုပင်ပန်းနေတဲ့အချိန်မှာတောင် ပွဲတွေကို အနိုင်ရမယ့် လမ်းကြောင်းကို ရှာဖွေနိုင်တယ်လို့ ခံစားရတယ်။ ဒါက ဒီအသင်းအတွက် ကောင်းမွန်တဲ့ လက္ခဏာတခုပါပဲ။” လို့ ၎င်းက ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။