ယူနိုက်တက် ပရိသ-တ်တွေ တင်းနေပြီး ရက်ကလစ်ဖ် အပေါ် အမြင်မကြည်တာတွေ ပိုတိုးလာစေတဲ့ လက်မှတ်ဈေးတက်မှု

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ လတ်တလော ဆိုးရွားလှသော ဘောလုံးရာသီတစ်ခုကို ဖြတ်သန်းနေရပေမယ့်လည်း လာမယ့် ၂၀၂၅/၂၆ ရာသီသစ်အတွက် ရာသီလက်မှတ်ခများကို ၅ ရာခိုင်နှုန်း တိုးမြှင့်လိုက်ကြောင်း အတည်ပြု ကြေညာလိုက်ပါတယ်။

လူကြီးများအတွက် လက်မှတ်ခများ တိုးမြှင့်မည်ဖြစ်သော်လည်း အသက်(၁၆)နှစ်အောက်များ အတွက်ကိုတော့ လက်ရှိအတိုင်းသာ ဆက်လက် ထားရှိမယ်လည်း ဖြစ်ပါတယ်။

ကလပ်အသင်းရဲ့ ထုတ်ပြန်ချက်မှာ CEO အိုမာ ဘယ်ရာဒါက –

“ကျွန်တော်တို့ရဲ့ ပရိသတ်တွေရဲ့ သစ္စာရှိပြီး စိတ်ရှည်သည်းခံတဲ့ အားပေးမှုနဲ့ အထူးသဖြင့် ကျွန်တော်တို့ရဲ့ ပွဲတွေကို လာရောက်ကြည့်ရှုတဲ့ အားပေးမှုအခြေခံရဲ့ အဓိကကို ကိုယ်စားပြုတဲ့ ရာသီလက်မှတ်ကိုင်ဆောင်သူတွေကို ကျေးဇူးတင်ပါတယ်။

သူတို့ရဲ့ အသင်းကို အားပေးမှုရဲ့ အရေးပါမှုကို ကျွန်တော်တို့ နားလည်ပါတယ်။ မျှတပြီး ကျိုးကြောင်းဆီလျော်တဲ့ ဈေးနှုန်းအစီအစဉ်တစ်ခုကို ရရှိဖို့လည်း အသည်းအသန် ကြိုးစားခဲ့ပါတယ်။

(၁၁)နှစ်ဆက်တိုက် ဈေးနှုန်းထိန်းထားပြီးနောက် လွန်ခဲ့တဲ့ (၂)ရာသီအတွက် (၅)ရာခိုင်နှုန်း တိုးမြှင့်ခဲ့ပြီး လည်ပတ်မှု ကုန်ကျစရိတ်တွေ ဆက်လက်မြင့်တက်လာတာကို ထိန်းညှိဖို့အတွက် လာမယ့်ရာသီမှာလည်း အလားတူလုပ်ဖို့ ရည်ရွယ်ထားပါတယ်။

အထူးသဖြင့် ကွင်းထဲမှာ စွမ်းဆောင်ရည် ညံ့ဖျင်းတဲ့ ကာလအတွင်းမှာ ဈေးနှုန်း တိုးမြှင့်မှုမှန်သမျှကို မကြိုဆိုဘူးဆိုတာကို ကျွန်တော်တို့ နားလည်ပါတယ်။ ယူနိုက်တက် ပရိသတ် အကြံပေးဘုတ်အဖွဲ့ FAB က ဈေးနှုန်းထိန်းထားရေးအတွက် တင်ပြခဲ့တဲ့ ခိုင်မာတဲ့ အကြောင်းပြချက်တွေကိုလည်း ဂရုတစိုက် နားထောင်ခဲ့ပါတယ်။

ဒါပေမယ့် ကုန်ကျစရိတ်တွေ မြင့်တက်လာပြီး ကလပ်အသင်းက ဘဏ္ဍာရေးဆိုင်ရာ ပြဿနာတွေနဲ့ ဆက်လက်ရင်ဆိုင်နေရချိန်မှာ ဈေးနှုန်းတွေကို ပြောင်းလဲမှုမရှိဘဲ ထားရှိတာက မမှန်ကန်ဘူးလို့ ကလပ်အသင်းက ဆုံးဖြတ်ခဲ့ပါတယ်။” လို့ ရှင်းပြထားခဲ့ပါတယ်။

ယူနိုက်တက်ဆီကို ဆာဂျင် ရတ်ကလစ်ဖ် ရောက်ရှိလာခြင်းနဲ့ ပတ်သက်ပြီး အစပိုင်းမှာ စိတ်လှုပ်ရှားမှုများ ရှိခဲ့ပေမယ့်လည်း ဈေးနှုန်းမြင့်တက်မှုများနဲ့ ဝန်ထမ်းရာပေါင်းများစွာကို ဖယ်ရှားမှုတို့ဟာ ယူနိုက်တက် ပရိသတ်များနဲ့ INEOS အကြီးအကဲများရဲ့ ဆက်ဆံရေးကို ပျက်ပြားစေခဲ့ပါတယ်။