အကယ်ဒမီ ကစားသမား ၆ ဦး အသက်လိမ်တာတွေ ထွက်လာလို့ အကြပ်ရိုက်နေရတဲ့ မန်ချက်စတာ ကလပ် နှစ်သင်း

မန်ချက်စတာ ယူနိုက်တက်နှင့် မန်စီးတီးအသင်းတို့ဟာ အကယ်ဒမီစတား ၆ ဦးအား အသက်လိမ်ထားမှု ပြဿနာကြုံနေရပါတယ်။

တယ်လီဂရပ်ဖ်သတင်း ရဲ့ ဖော်ပြလာမှုအရ မန်ချက်စတာက နိုင်ငံခြားသား အကယ်ဒမီစတားအချို့တို့ဟာ အရွယ်ရောက်ပြီး လူငယ်များပင် ဖြစ်နိုင်ကြောင်း သိရပါတယ်။

တယ်လီဂရပ်ဖ်သတင်းစာဟာ ယင်းအကယ်ဒမီကစားသမား ၆ ဦးတို့ရဲ့ ဓာတ်ပုံများ၊ မွေးရပ်မြေတွင် ပိုမိုအသက်ကြီးတဲ့ ကစားသမားအုပ်စုနှင့် အတူ ကစားခဲ့တဲ့ မှတ်တမ်းအပါအဝင် သက်သေ အထောက်အထားများဖြင့် ဖော်ပြလာတာ ဖြစ်ပါတယ်။

ဒါပေမယ့် ယင်းကစားသမားတို့ရဲ့ အမည်ကိုတော့ ဖော်ပြထားခြင်း မရှိပါဘူး။

တဖက်မှာ ယူနိုက်တက်နှင့် မန်စီးတီးတို့ဟာလည်း ယင်းကစားသမားတို့ရဲ့ အသက်အမှန်ကိုလည်း သိရှိကြခြင်း ရှိပုံမရပါဘူး။

ဒါပေမဲ့ မန်ချက်စတာကလပ်ကြီးနှစ်ခုဟာ သတင်းထွက်ပေါ်လာပြီးနောက် သက်သေအထောက်အထားများအား အထူးဂရုတစိုက် စစ်ဆေးမှုများ ပြုလုပ်နေပါတယ်။

ယင်းအကယ်ဒမီကစားသမား ၆ ဦးမှ ၃ ဦးတို့မှာ အင်္ဂလန်လူငယ်အသင်းများမှာ ကစားထားကြပြီးလည်း ဖြစ်ပါတယ်။

ယူနိုက်တက်နှင့် မန်စီးတီးတို့ဘက်က ယင်းကစားသမား ၆ ဦးအား စုံစမ်းစစ်ဆေးလာမှုနှင့်အတူ အခြားကစားသမားများရဲ့ မိဘများကလည်း စိုးရိမ်မကင်း ဖြစ်နေကြပါတယ်။

လက်ရှိအချိန်မှာ ယူနိုက်တက်၊ မန်စီးတီး၊ ပရီးမီးယားလိဂ်နှင့် ပြည်ထဲရေးဌာနတို့က ယင်းဖြစ်ရပ်နှင့်ပတ်သက်ပြီး တစုံတရာ မှတ်ချက်ပြု ပြောကြားရန် ငြင်းဆိုထားကြပါတယ်။

ဒါပေမဲ့ မန်စီးတီးကတော့ ၎င်းတို့မှာ ကစားသမားများအတွက် လိုအပ်တဲ့ စာရွက်စာတမ်း အထောက်အထား အပြည့်အစုံ ရှိကြောင်း ဆိုထားပါတယ်။