ရန်းနစ်အပြင် နောက်ထပ် နည်းပြသစ်တစ်ဦးကို ခေါ်ယူလိုက်ပြီဖြစ်တဲ့ မန်ယူ

ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာ ယူနိုက်တက်အသင်းဟာ အမေရိကန်အခြေစိုက် ရက်ဘူးလ်အသင်းရဲ့ နည်းပြဟောင်း သောမတ်စ် အာမတ်ကို အသင်းရဲ့ လက်ထောက်နည်းပြ အဖြစ် ခန့်အပ်ခဲ့ကြောင်း ဗြိတိန် အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

အမေရိကန်လူမျိုး နည်းပြဖြစ်သူ အာမတ်ဟာ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြသစ် ရန်းနစ်နဲ့ အလုပ်တွဲလုပ်ဖူးသူ ဖြစ်ပြီး အသင်းနဲ့ ၂နှစ် ဝန်းကျင် သက်တမ်းရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုခဲ့ကြောင်းလည်း သိရပါတယ်။

အာမတ်ဟာ ဗြိတိန်နိုင်ငံမှာ အလုပ်လုပ်ခွင့် ဗီဇာကိုလည်း ယနေ့ညပိုင်းမှာပဲ ရရှိခဲ့တာကြောင့် မကြာခင် ရက်ပိုင်းအတွင်းမှာပဲ အာမတ်ကို အိုးထရက်ဖို့ဒ်ရပ်ဝန်းမှာ မြင်တွေ့ရနိုင်ပါတယ်။

ရန်းနစ်ဟာ ရာသီကုန်ပြီးရင် အတိုင်ပင်ခံရာထူးနဲ့ နောက်ထပ်နှစ်နှစ်ကြာ မန်ချက်စတာကလပ်မှာ ဆက်ရှိနေဦးမှာပါ။ လိုက်ဇစ်အတွက် ဘောလုံးဒါရိုက်တာရော နည်းပြအဖြစ်ပါ အလုပ်လုပ်ခဲ့ဖူးတဲ့ ဂျာမန်သားဟာ အိုးထရတ်ဖိုဒ့်မှာ တူညီတဲ့ ရာထူးမျိုးနဲ့ ဆက်ရှိနေနိုင်တယ်လို့ ဝန်ခံခဲ့ပါတယ်။

“အခုချိန်မှာ ယူနိုက်တက်က နည်းပြအသစ်ရှာဖွေနေနိုင်တယ်ဆိုတာ ကျွန်တော် အပြည့်အဝ နားလည်ပါတယ်။ သူတို့ နည်းပြသစ် ခန့်မယ်ဆိုရင် ကျွန်တော့်နဲ့ ဆွေးနွေးမှာပါ။ ကျွန်တော့်ရဲ့အမြင်ကို မေးချင်မေးမှာပေါ့။

ကျွန်တော်နဲ့ တစ်နှစ် အလုပ်ဆက်လုပ်ဖို့က စိတ်ကူးကောင်းတစ်ခု ဖြစ်နိုင်တယ်လို့ အကြံပေးခဲ့ပြီး လိုက်ပ်ဇစ်မှာ နည်းပြကနေ ဘောလုံးဒါရိုက်တာအဖြစ် ပြောင်းလုပ်ခဲ့သလိုမျိုး အခုယူနိုက်တက် ဘုတ်အဖွဲ့ကိုလဲ ကျွန်တော် အကြံပေးကောင်းပေးနိုင်ပါတယ်။

ဘောလုံးဒါရိုက်တာရော နည်းပြအလုပ်ကိုပါ ကျွန်တော် လုပ်နိုင်တယ်။ အခုချိန်မှာ နည်းပြ၊ မန်နေဂျာအဖြစ် အလုပ်လုပ်ဖို့ အတော်လေး ဆန္ဒရှိနေမယ်ထင်ပါတယ်။ ကျွန်တော့်ရဲ့ ပရော်ဖက်ရှင်နယ်ဘဝ ၂၅ နှစ်ရဲ့ ၉၀ ရာခိုင်နှုန်းလောက်ကို ဒီအလုပ်လုပ်ပဲ လုပ်ခဲ့တာပါ။ ဒါပေမယ့် ဒါတွေအားလုံးက စိတ်ကူးသက်သက်ပါပဲ။

ကျွန်တော်နဲ့ စကားပြောခဲ့တဲ့ လူတွေက လက်ရှိ နည်းပြအနေနဲ့ ၆လခွဲလောက် လုပ်မယ့်အကြောင်းကိုပဲ အာရုံစိုက်ထားတာပါ။ နွေရာသီမှာ ဘာတွေဖြစ်လာမလဲဆိုတာနဲ့ ပတ်သက်ပြီး ဘယ်တုန်းကမှ မပြောခဲ့ပါဘူး”လို့ ရန်းနစ်က ပြောပြခဲ့တာ ဖြစ်ပါတယ်။