ခရစ္စတီယာနို ရော်နယ်ဒို ငေးကျန်ခဲ့ရအောင် လုပ်ပြသွားတဲ့ တိုက်စစ်မှုး ရာမတ်စ် ဟွိုင်လန်း
ပေါ်တူဂီ တိုက်စစ် ကြယ်ပွင့် ခရစ္စတီယာနို ရော်နယ်ဒိုကတော့ သူ့ရဲ့ နာမည်ကြီး ‘siu’ အောင်ပွဲခံဟန်နဲ့ သူ့ရှေ့မှာ ဒိန်းမတ် တိုက်စစ်မှုး ဟွိုင်လန်း အောင်ပွဲခံသွားတာကို ညက ပွဲမှာ ငေးကြည့်နေခဲ့ရပါတယ်။
ယူနိုက်တက် တိုက်စစ်မှုးဟာ ညက ပေါ်တူဂီနဲ့ နေးရှင်းလိဂ် ကွာတား ပထမ အကျော့မှာ တစ်လုံးတည်းသော အနိုင်ဂိုး ကို ဒိန်းမတ် အသင်းအတွက် သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။
ဟွိုင်လန်းဟာ ဒိန်းမတ် အသင်းအတွက် လူစားဝင် ကစားရတာ ဖြစ်ပြီး ကွင်းထဲ ရောက်လို့ ၁၂ မိနစ် အကြာမှာပဲ Andreas Skov Olsen ရဲ့ ပေးပို့မှုကနေ ဂိုးသွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
ရော်နယ်ဒို ကို သူ့ရဲ့ စံပြ အဖြစ် လေးစားချစ်ခင်တဲ့ ဟွိုင်လန်းက သူ့ Idol ပုံစံ အတိုင်း ထောင့်ကန်ဘော နေရာနားမှာ အောင်ပွဲ ခံခဲ့တာ ဖြစ်ပြီး ရော်နယ်ဒိုကတော့ ကွင်းလယ် စက်ဝိုင်းနေရာကနေ ငေးကြည့်နေခဲ့ရတာ ဖြစ်ပါတယ်။
ယူနိုက်တက်မှာလည်း ၃ လ လောက် ဂိုးပေါက်ပျောက်နေခဲ့တဲ့ ဟွိုင်လန်းဟာ မတ်လ နိုင်ငံတကာ သီတင်းပတ် မတိုင်ခင်လေးမှာပဲ ဂိုးပေါက် ပြန်တွေ့ခဲ့တာ ဖြစ်သလို အခုလို နိုင်ငံ အသင်းအတွက် အနိုင်ဂိုးလည်း သွင်းနိုင်လိုက်တာကြောင့် ယုံကြည်မှု များစွာ တက်လာမှာ ဖြစ်ပါတယ်။
ပေါ်တူဂီ အသင်းကတော့ ဒုတိယ အကျော့မှာ ဒိန်းမတ်ကို အနိုင် ကစားကာ နောက်တစ်ဆင့် တက်နိုင်ဖို့ ကြိုးစားရတော့မှာ ဖြစ်ပါတယ်။