သူ အောင်ပွဲခံတာကို ဟွိုင်လန်း ပြန်ကြည့်ရမယ့် အလှည့်လာပြီ လို့ ဒုကျော့ပွဲ မတိုင်ခင် စီရော်နယ်လ်ဒို ပြောဆို
ပေါ်တူဂီ တိုက်စစ်ကစားသမား စီရော်နယ်လ်ဒိုက ဒိန်းမတ်နဲ့ကစားမဲ့ UEFA Nations League ကွာတားဖိုင်နယ်၊ ဒုတိယအကျော့ပွဲမှာ ဘယ်သူပဲ ဂိုးသွင်းပါစေ သူတို့အသင်း အနိုင်ရဖို့က အရေးအကြီးဆုံးဖြစ်တယ်လို့ ဖွင့်ဟပြောဆိုခဲ့ပါတယ်။
ပထမအကျော့၊ အဝေးကွင်းပွဲမှာ ပေါ်တူဂီအသင်းဟာ ဒိန်းမတ်တိုက်စစ်မှူးဟွိုင်လန်းရဲ့ တစ်လုံးတည်းသောဂိုးနဲ့ အရှုံးပေးခဲ့ရပြီး ဆီမီးဖိုင်နယ်တက်ခွင့်ရဖို့အတွက် အခု အိမ်ကွင်းပွဲမှာ မဖြစ်မနေ အနိုင်ကစားရတော့မှာပါ။
ပထမအကျော့ပွဲတုန်းက စီရော်နယ်လ်ဒိုဟာ ပွဲချိန်ပြည့်ပါဝင်ကစားခဲ့ပေမဲ့လည်း ခြေစွမ်းမပြနိုင်ဘဲ သူ့ရဲ့ ခေါင်းတိုက်ချက်တစ်ကြိမ်ကလည်း ဂိုးပေါက်တောင် မတည့်ခဲ့ပါဘူး။
ဒုတိယအကျော့ပွဲမတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာ စီရော်နယ်လ်ဒိုက “ကျွန်တော့်ကစားသမားဘဝမှာ မိနစ် ၉၀ အတွင်း ရှုံးနိမ့်ခဲ့တဲ့ပွဲတွေ အများကြီးရှိခဲ့ဖူးပါတယ်။ ဒါပေမဲ့ ပထမအကျော့ပွဲကိုတော့ တစ်ခါမှ မရှုံးခဲ့ဖူးပါဘူး။ ဒီလိုရက်တွေကတော့ တစ်ချိန်မဟုတ်တစ်ချိန် သေချာပေါက်ကြုံတွေ့ရမှာပါ . .”
“ပထမအကျော့တုန်းက ကျွန်တော် ခြေစွမ်းမပြနိုင်သလို အသင်းကလည်း ပုံစံကောင်းပျောက်ဆုံးခဲ့ပါတယ်။ အခုပွဲမှာတော့ မဖြစ်မနေ အနိုင်ကစားဖို့ လိုအပ်တာကြောင့် ကျွန်တော်တို့ ဖိအားများနေပါတယ်။
အခုပွဲမှာ ကျွန်တော် ဂိုးသွင်းနိုင်ရင် ပျော်မိမှာဖြစ်ပေမဲ့ တကယ်လို့ ကျွန်တော် ဂိုးမသွင်းရင်လည်း တခြားတစ်ယောက် ဂိုးရတာကို မြင်ချင်ပါတယ်။ အရေးကြီးတာက ပေါ်တူဂီအသင်း နိုင်ပွဲရဖို့ပါပဲ”လို့ ပြောကြားခဲ့ပါတယ်။
ပထမအကျော့ပွဲတုန်းက ဟွိုင်လန်းဟာ ဂိုးသွင်းအပြီး ‘siu’ ပုံစံနဲ့အောင်ပွဲခံခဲ့တဲ့အပေါ် စီရော်နယ်လ်ဒိုက –
“ကျွန်တော့်အတွက်တော့ ဘာမှ ပြဿနာမရှိဘဲ ဟွိုင်လန်းကလည်း ကျွန်တော့်ကို လှောင်ပြောင်တဲ့သဘောနဲ့ အောင်ပွဲခံခဲ့တာ မဟုတ်ပါဘူး။ တစ်ကမ္ဘာလုံးမှာ ဒီလိုပုံစံနဲ့အောင်ပွဲခံတာက ဟွိုင်လန်းတစ်ယောက်တည်းမှ မဟုတ်တာ။
ကျွန်တော်ကတော့ အဲဒါကို ဂုဏ်ယူစရာလို့တောင် သတ်မှတ်ပါတယ်။ မနက်ဖြန်ပွဲမှာတော့ ကျွန်တော် အောင်ပွဲခံတာကို ဟွိုင်လန်း ပြန်စောင့်ကြည့်ရမဲ့အလှည့်ရောက်လာမယ်လို့ မျှော်လင့်ပါတယ်”ဆိုပြီး ရှင်းလင်းပြောဆိုခဲ့ပါတယ်။