ပွဲထွက် တစ်နေရာ စိတ်ချရပြီ ထင်ခဲ့တဲ့ အိုနာနာ နဲ့ ပြောင်းလဲသွားတဲ့ နည်းပြ အမ်မိုရင်း သဘောထား

မန်ချက်စတာ ယူနိုက်တက် နည်းပြ အမ်မိုရင်းဟာ ပွဲထွက် ဂိုးသမား အိုနာနာ ကို တစ်နေရာပေးထားပြီး ထင်ခဲ့ကြပေမယ့် မထင်မှတ်ဘဲ ကင်မရွန်းသားကို နွေမှာ ရောင်းချဖို့ ဆုံးဖြတ်လိုက်ပြီ ဖြစ်ပါတယ်။

အငှားထွက် ကစားနေကြတဲ့ မားကပ် ရက်ဖို့ဒ်၊ အန်တိုနီ၊ တိုင်ရဲလ် မာလာစီယာ တို့ ၃ ဦးလုံးကို အပြီး ရောင်းထုတ်ဖို့ ဆုံးဖြတ်ထားတဲ့ အပြင် စတုတ္ထမြောက် အရောင်းတင်မယ့် ကစားသမားအဖြစ် အိုနာနာကို ရွေးလိုက်တာပါ။

နွေမှာ စိတ်ကြိုက် ခေါ်ယူမှုတွေ ပြန်လုပ်ချင်တဲ့ နည်းပြ အမ်မိုရင်းက အသင်းမှာ မတည်ငြိမ်တဲ့ ဂိုးသမား အိုနာနာ ကိုလည်း ရောင်းချဖို့ ဆုံးဖြတ်လိုက်တာပါ။

၂၀၂၃ မှာ အိုးထရက်ဖို့ဒ် ရောက်လာခဲ့တဲ့ ဂိုးသမား အိုနာနာ ဟာ ယူနိုက်တက်မှာ တည်ငြိမ် စိတ်ချရတဲ့ စွမ်းဆောင်ရည်မျိုး မပြသနိုင်သေးပါဘူး။

ကင်မရွန်း လက်ရွေးစင် ဂိုးသမားဟာ ဘောလုံး ကိုင် ကစားရာမှာ အကောင်းဆုံး ဂိုးသမား တစ်ဦး အဖြစ် ရှုမြင်ခြင်း ခံရပေမယ့် ဂိုးပေါက်ကာကွယ်မှုမှာတော့ ဝေဖန်မှုတွေ များစွာခံနေရပါတယ်။

အိုနာနာ ကို ခေါ်ယူဖို့ ဆော်ဒီကလပ်တွေ ဘက်က စိတ်ဝင်စားမှု ရှိနေတာကြောင့် နည်းပြ အမ်မိုရင်းက ၎င်းကို ရောင်းချကာ လက်စွမ်းထက် ဂိုးသမား ပြန်ခေါ်ဖို့ စိတ်အားထက်သန်နေပါတယ်။

ယူနိုက်တက် ချိန်ရွယ်ထားတဲ့ ဂိုးသမားတွေ ကတော့ ဘယ်လ်ဂျီယံ ကလပ် Royal Antwerp မှ လန်းမန်းစ်နဲ့ လိုင်လီမှ လူးကပ် ချီဗာလီယာ တို့ ဖြစ်ကြပါတယ်။

၎င်းတို့ နှစ်ဦးလုံးကိုလည်း ယူနိုက်တက် အပြင် မန်ချက်စတာ စီးတီးကလည်း ချိန်ရွယ်နေတာကြောင့် အပြိုင် ကြိုးစားရဖွယ် ရှိပါတယ်။