ဆန်ချို ကို မဝယ်ရင် မန်ချက်စတာ ယူနိုက်တက်အား လျော်ကြေးငွေ ပေးရတော့မယ့် ချဲလ်ဆီး

ချဲလ်ဆီးအသင်းဟာ အငှားခေါ် ကစားနေတဲ့ ဂျာဒွန်ဆန်ချိုအား နွေရာသီမှာ အပြီးသတ် ခေါ်ယူမှု မပြုလုပ်ပါက စာချုပ်ပါအချက်အရ မန်ချက်စတာ ယူနိုက်တက်အား လျော်ကြေး ငွေတချို့ ပေးလာရပါမယ်။

အင်္ဂလန် တောင်ပံကစားသမားဟာ နွေရာသီတုန်းက ယူနိုက်တက်မှ ချဲလ်ဆီးသို့ အငှားဖြင့် ပြောင်းခဲ့သူ ဖြစ်ပါတယ်။

ချဲလ်ဆီးဟာ ဆန်ချိုရဲ့ အငှားစာချုပ်မှာ နွေရာသီမှာ ပေါင် ၂၅ သန်း (ဒေါ်လာ ၃၂.၃ သန်း)ဖြင့် အပြီးသတ်ခေါ်ယူမဲ့အချက်ကို ထည့်သွင်းချုပ်ဆိုထားပါတယ်။

တဖက်တွင် ယူနိုက်တက်ဟာ ချဲလ်ဆီးဘက်ကသာ ဆန်ချိုကို အပြီးသတ်ခေါ်ယူမှု မပြုလုပ်လာလျှင် ငွေကြေးတချို့ ရရှိမဲ့အချက်ကိုလည်း ထည့်သွင်းချုပ်ဆိုထားပါတယ်။

The Athletic ရဲ့ ဖော်ပြလာမှုအရ ချဲလ်ဆီးဟာ ဆန်ချိုအား အပြီးသတ် ခေါ်ယူမှု မပြုလုပ်ပါက ယူနိက်တက်အား ပေါင် ၅ သန်းပေးလာရမှာ ဖြစ်ကြောင်း သိရပါတယ်။

ဆန်ချိုဟာ နွေရာသီတွင် ချဲလ်ဆီးသို့ ပြောင်းပြီးနောက် ပထမဆုံးပရီးမီးယားလိဂ် ၃ ပွဲဆက် ဖန်တီးမှုများ ပြုလုပ်နိုင်ခဲ့ပေမဲ့လည်း နောက်ပိုင်းတွင် ခြေစွမ်းကျဆင်းကာ ပရီးမီးယားလိဂ်ပွဲ ၂၀ တွင် ၁ ဂိုးသွင်းပြီး ၁ ကြိမ်တည်းသာ ဖန်တီးထားနိုင်ပါတယ်။

ဒါကြောင့်လည်း ချဲလ်ဆီးဟာ နွေရာသီမှာ ဆန်ချိုအား အပြီးသတ်ခေါ်ယူရေးပေါ် ချီတုံချတုံ ဖြစ်နေပါတယ်။