ရပ်ရှ်ဖို့ဒ် နေရာ အစားထိုးဖို့ အသင်းဟောင်း စပို့တင်းက ကစားသမားကို ခေါ်ယူလိုနေတဲ့ နည်းပြ အမော်ရင်

မန်ချက်စတာ ယူနိုက်တက် နည်းပြ ရူဘင် အမော်ရင်က အက်စတွန် ဗီလာအသင်းဆီ အငှားချထားတဲ့ မားကပ်စ် ရပ်ရှ်ဖို့ဒ်နေရာမှာ အစားထိုးဖို့ သူ့အသင်းဟောင်း စပို့တင်း လစ္စဘွန်းက ပေါ်တူဂီ တိုက်စစ်ကစားသမား ဖရန်စကို ထရင်ကာအိုကို မျက်စိကျနေတယ်လို့ သိရှိရပါတယ်။

ယူနိုက်တက် ဟာ ဒီရာသီ ဈေးကွက်တွေအတွင်းမှာ အသင်းက တောင်ပံကစားသမားတွေဖြစ်တဲ့ ဂျေဒန် ဆန်ချိူ ၊ အန်တိုနီနဲ့ ရပ်ရှ်ဖို့ဒ်တို့ကို ချယ်လ်ဆီး ဘက်တစ် ဗီလာအသင်းတွေဆီ အငှားချခဲ့ပြီး လာမယ့် နွေမှာလည်း ဒီကစားသမား (၃)ဦးလုံးကို အသင်းကနေ အပြီးသတ် ရောင်းထုတ်သွားဖို့လည်း စီစဉ်နေပါတယ်။

ဒီကစားသမားတွေကို ရောင်းချပြီးရင် သူတို့နေရာအတွက် အစားထိုး အားဖြည့်မှုတွေကိုလည်း ပြန်လည် လုပ်ဆောင်ရဖို့ ရှိနေပြီး လက်ရှိမှာတော့ အသက်(၂၅)နှစ်အရွယ် ဘာစီလိုနာ ကစားသမားဟောင်း ထရင်ကာအိုကို အတော်လေး မျက်စိကျလျက် ရှိနေပါတယ်။

ညာတောင်ပံကစားသမား ထရင်ကာအိုဟာ ဘယ်ခြမ်းမှာရော နောက်ချန်တိုက်စစ်နေရာမှာပါ ကစားနိုင်သူလည်း ဖြစ်ပါတယ်။

၂၀၂၀တုန်းက ဘရာဂါကနေ ဘာစီလိုနာဆီ ပြောင်းရွှေ့ခဲ့တဲ့ ထရင်ကာအိုဟာ ဘာစီလိုနာမှာ ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရလို့ ဝုလ်ဗ်နဲ့ စပို့တင်းတို့ဆီ အငှားချခံရရင်း ၂၀၂၃မှာ စပို့တင်းအသင်းဆီ အပြီးသတ်ပါ ပြောင်းရွှေ့ခဲ့ပါတယ်။

အခုဆိုရင် ထရင်ကာအိုဟာ စပို့တင်းအတွက် ခြေစွမ်းပြနေသလို ဒိန်းမတ်နဲ့ ကစားခဲ့တဲ့ Nations League ကွာတား ဒုကျော့မှာပါ ပေါ်တူဂီအတွက် အရေးပါတဲ့ ဂိုး(၂)ဂိုးကိုပါ သွင်းယူခဲ့ပါသေးတယ်။

ဒီလို စွမ်းဆောင်ရည်ကောင်းတွေ ပြသနေတဲ့ ထရင်ကာအိုကို ယူနိုက်တက်အသင်း အပါအဝင် နယူးကာဆယ်နဲ့ အာဆင်နယ်အသင်းတို့ကလည်း စိတ်ဝင်စားနေကြပြီး ဘာစီလိုနာကလည်း သူတို့ကစားသမားဟောင်းကို ပြန်လည် ခေါ်ယူချင်နေပါတယ်။

ဘာစီလိုနာသာ ထရင်ကာအိုကို ပြန်ခေါ်မယ်ဆိုရင် ပေါင်သန်း(၂၀)တည်းနဲ့ ပြန်ခေါ်ယူနိုင်မှာလည်း ဖြစ်ပါတယ်။

ဒါပေမယ့် နည်းပြအမော်ရင်က သူနဲ့အတူ စပို့တင်းမှာ လက်တွဲခဲ့ဖူးတဲ့ ထရင်ကာအိုကို ယူနိုက်တက်အသင်းဆီ ခေါ်ယူနိုင်ဖို့ ဆွဲဆောင်နိုင်လိမ့်မယ်လို့ ယုံကြည်ထားပြီး ထရင်ကာအိုကလည်း စပို့တင်းနဲ့ ၂၀၂၆ ဇွန်လအထိသာ စာချုပ်သက်တမ်း ရှိနေတော့တာဖြစ်လို့ ၂၀၂၅ နွေမှာပဲ အသင်းကနေ ရောင်းထုတ်သွားရဖွယ်လည်း ရှိနိုင်ပါတယ်။