ရက်ရ်ှဖို့ဒ်၊ ဂါနာချို တို့ကို လက်လွှတ်ပြီး သန်း ၅ဝ တန် ကစားသမားကို အစားထိုး ခေါ်ယူဖို့ ယူနိုက်တက် ကြံရွယ်နေ
မန်ချက်စတာယူနိုက်တက်ကြယ်ပွင့် မားကပ်စ် ရက်ရ်ှဖို့ဒ်ဟာ လာမယ့်နွေရာသီ အက်စတန်ဗီလာနဲ့ အငှားစာချုပ်ပြည့်ရင်လည်း ယူနိုက်တက်ထံ ပြန်မလာဘဲ အခြားတနေရာရာမှာ သွားကစားနိုင်ခြေရှိပါတယ်။
ဗီလာပါ့ခ်မှာ ပုံမှန်ခြေစွမ်း ပြန်လည်ရှာတွေ့ခဲ့တဲ့ ရက်ရ်ှဖို့ဒ်ဟာ အက်စတန်ဗီလာကို ပေါင်သန်း ၄၀ နဲ့ အပြီးသတ် ပြောင်းရွှေ့နိုင်တယ်လို့ သတင်းတွေ ထွက်ပေါ်နေတာဖြစ်ပါတယ်။
ရက်ရ်ှဖို့ဒ်ဟာ မန်ချက်စတာယူနိုက်တက်ကို စွန့်ခွာနိုင်တဲ့ တစ်ဦးတည်းသော တောင်ပံကစားသမားမဟုတ်ဘဲ ဂါနာချိုရဲ့ အနာဂတ်ကလည်း ဆွေးနွေးစရာ အကြောင်းအရာဖြစ်နေပါတယ်။
အာဂျင်တီးနားတောင်ပံကစားသမားဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ နာပိုလီကို ပြောင်းရွှေ့ဖို့ သတင်းထွက်ခဲ့ပေမယ့် အသင်းမှာ ဆက်ရှိနေခဲ့တာဖြစ်ပြီး လာမယ့်နွေရာသီမှာတော့ အသင်းကို စွန့်ခွာဖို့ ကြိုးပမ်းလာနိုင်တာဖြစ်ပါတယ်။
Caughtoffside ရဲ့ ဖော်ပြချက်အရ မန်ချက်စတာယူနိုက်တက်ဟာ အသင်းကနေ ထွက်ဖို့ သေချာနေတဲ့ ရက်ရ်ှဖို့ဒ်နဲ့ ထွက်ခွာနိုင်ခြေရှိနေတဲ့ ဂါနာချိုတို့ရဲ့ နေရာကို အစားထိုးဖို့ ရှာဖွေနေပြီး အတ္တလန္တာကြယ်ပွင့် အဒီမိုလာ လွတ်ခ်မန်းကို ပစ်မှတ်အဖြစ် သတ်မှတ်ခဲ့တယ်လို့ သိရပါတယ်။
အသက် ၂၇ နှစ်အရွယ် တောင်ပံကစားသမားဟာ ဒီရာသီကုန်မှာ စီးရီးအေကို စွန့်ခွာနိုင်တယ်လို့ မျှော်မှန်းခြင်း ခံထားရသူဖြစ်ပြီး လက်ရှိအချိန်အထိ အီတလီလိဂ်မှာ သွင်းဂိုး ၁၈ ဂိုးနဲ့ ဂိုးဖန်တီးမှု ၆ ကြိမ် ပြုလုပ်ထားတာဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ အဒီမိုလာ လွတ်ခ်မန်းကို ခေါ်ယူချင်တယ်ဆိုရင် အနည်းဆုံး ပေါင်သန်း ၅၀ ဝန်းကျင် ပေးချေရမှာဖြစ်သလို အခြားဥရောပထိပ်တန်းအသင်းကြီးတွေနဲ့လည်း ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။