အသက် ၂၄ နှစ်သာ ရှိသေးပေမယ့် ဘောလုံးကစားခြင်းက အနားယူဖို့ စဉ်းစားနေတဲ့ ယူနိုက်တက် ကြယ်ပွင့်ဟောင်း

မန်ချက်စတာ ယူနိုက်တက် နောက်ခံလူဟောင်း ဘရန်ဒမ်ဝီလီယံက ကစားသမားဘဝကနေ စောစောစီးစီးအနားယူဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။

အသက် ၂၄ နှစ်အရွယ်သာရှိသေးတဲ့ ညာနောက်ခံလူ ဘရမ်ဒမ်ဝီလီယံဟာ မန်ယူနိုက်တက်အကယ်ဒမီကနေ ထွက်ပေါ်လာတဲ့ ကစားသမားတယောက် ဖြစ်ပြီး နည်းပြဆိုးလ်ရှားလက်ထက်မှာ ပွဲထွက်ခွင့်ရရှိခဲ့သူဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီက အစ်ပ်ဆွစ်ချ်အသင်းမှာ အငှားထွက် ကစားခဲ့ပြီးနောက် လက်ရှိမှာတော့ အသင်းလက်မဲ့ဖြစ်နေတာ ၉ လ ရှိနေပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့တပတ်က သတ်မှတ် မြန်နှုန်းထက်ကျော်ပြီး ကားမောင်းခဲ့လို့ စစ်ဆေးခံနေရပြီး ၂ နှစ်အထိ ထောင်ဒဏ်ကျခံရမယ့် အရေးနဲ့ ရင်ဆိုင်နေရပါတယ်။

လက်ရှိအခြေအနေတွေကြောင့် ဒီရာသီမှာ ဘောလုံးကစားခြင်းကနေ ခေတ္တ အနားယူထားပြီး အပြီးတိုင် အနားယူဖို့အထိတောင် စဉ်းစားနေတယ်လို့ မန်ယူနိုက်တက်ဂိုးသမား ဂိုးသမားဟောင်း ဘင်ဖော်စတာနဲ့ အင်တာဗျူးမှာ ဘရန်ဒမ်ဝီလီယံက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

အမေရိကန်မေဂျာလိဂ် အပါအဝင် တခြားကလပ်တွေရဲ့ ကမ်းလှမ်းမှုတွေရှိနေပေမယ့် အနာဂတ်အတွက် သူ့အနေနဲ့ ဆုံးဖြတ်ချက်ခိုင်ခိုင်မာမာမချရသေးကြောင်း ဝီလီယံက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။