လိုင်ယွန်နဲ့ ၂-၂ သရေပွဲ အပြီးမှာ အမှားလုပ်ခဲ့တဲ့ ဂိုးသမား အိုနာနာ ဘက်က အပြတ် ကာကွယ်သွားတဲ့ အေမိုရမ်
မန်ယူနိုက်တက် နည်းပြ ရူဘင်အေမိုရမ်က လက်ရှိ အပြောခံ၊ ဖိအားများ ကြုံနေရတဲ့ ပထမဦးစားပေးဂိုးသမားအင်ဒရေအိုနာနာထက် ယူနိုက်တက်နည်းပြအဖြစ် အမှားများ ပိုမိုပြုလုပ်ထားကြောင်း ပြောကြားလာပါတယ်။
ယူနိုက်တက်ဟာ မနေ့ညတုန်းက လိုင်ယွန်နှင့် ၂ ဂိုးစီသရေကျတဲ့ ယူရိုပါလိဂ်ကွာတားဖိုင်နယ်ပထမအကျော့ပွဲစဉ်တွင် အိုနာနာရဲ့ အမှားကြောင့် ၂ ဂိုးပေးခဲ့ရပါတယ်။
အင်ဒရေအိုနာနာဟာ ပြီးခဲ့တဲ့ ရာသီမှ စတင်ကာ ပြိုင်ပွဲအရပ်ရပ်တွင် အမှားပြုလုပ်မှုမှ ဂိုးပေးရမှု ၈ ကြိမ်အထိ ရှိထားပြီ ဖြစ်ပြီး ပရီးမီးယားလိဂ်တွင် အမှားအများဆုံးပြုလုပ်တဲ့ ဂိုးသမားအဖြစ် ရပ်တည်နေပါတယ်။
ဒါပေမဲ့ နည်းပြ အေမိုရမ်က “ဒီရာသီကို ကြည့်လိုက်ရင် ဒီနောက်ဆုံးပွဲတွေ၊ နောက်ဆုံးလတွေအတွင်း သူတို့တတွေထက် ကျုပ်က အမှားပိုလုပ်ထားတာ တွေ့ရလိမ့်မယ်။ အခုအချိန်မှာ အင်ဒရေနဲ့ပတ်သက်ပြီး ကျုပ် ပြောလိုက်လို့လည်း ဘာအကူအညီမှ ဖြစ်လာမှာ မဟုတ်ဘူး။
ဒီတော့ အရေးအကြီးဆုံးက ပုံမှန်အတိုင်း နေဖို့ပဲ။ နောက်တော့ အကောင်းဆုံးဖြစ်မဲ့ အသင်းကို ရွေးချယ်လာပါမယ်။ ဒါပေမဲ့ အင်ဒရေအပေါ် ကျွန်တော့်ဘက်က တကယ်ပဲ ယုံကြည်မှု ရှိပါတယ်”လို့ ပြောကြားသွားပါတယ်။
ယူနိုက်တက်ဟာ လာမယ့် ကြာသပတေးနေ့တွင် အိုးထရက်ဖို့ဒ်ကွင်းမှာ ဒုတိယအကျော့ပွဲစဉ်အဖြစ် လိုင်ယွန်အား ဧည့်ခံကစားရပါမယ်။
ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့် ၁၃ နေရာမှာ ရပ်တည်နေတဲ့ ယူနိုက်တက်အတွက် လာမယ့်ရာသီ ဥရောပဝင်ခွင့်အတွက် ယူရိုပါလိဂ်ချန်ပီယံအဖြစ် ချန်ပီယံလိဂ်ဝင်ခွင့်ရရှိနိုင်မဲ့ အခွင့်အရေးသာ ရှိပါတော့တယ်။
အိုနာနာအပေါ် ဆက်လက် ယုံကြည်သေးလားလို့ မေးမြန်းလာမှုအား အေမိုရမ်က “ဒီအတိုင်းပဲ ဆက်သွားမယ်။ လေ့ကျင့်မယ်၊ ပွဲတွေကို ကြည့်မယ်။ ပွဲတိုင်း အနိုင်ရနိုင်မဲ့ အကောင်းဆုံးအသင်းကို ရွေးမယ်”လို့ ပြောကြားသွားပါတယ်။
မနေ့ညက ပွဲတွင် ယူနိုက်တက်ဟာ တီယာဂိုအယ်မိုင်ဒါရဲ့ ၂၅ ကိုက်အကွာမှ ဖရီးကစ် ဂိုးပေါက်ထဲသို့ တိုက်ရိုက် ဝင်သွားရာမှ ဂိုးစတင်ပေးခဲ့ရတာ ဖြစ်ပါတယ်။ ယင်းဂိုးကို ယိုရိုက ခေါင်းတိုက်ကာ ပြန်လည်ချေပခဲ့ပြီး ဇတ်ဇီးက ခေါင်းတိုက်က ဦးဆောင်ဂိုးသွင်းခဲ့လို့ ၂-၁ ဖြင့် ဦးဆောင်နိုင်ခဲ့ပါသေးတယ်။
ဒါပေမဲ့ ပွဲသိမ်းခါနီးအချိန်တွင် မာကူတက်ဇီရဲ့ ကန်ချက်ကို အိုနုာနာ ပုတ်ထုတ်လိုက်ရာကနေ ရာယန်ချာကီက လိုင်ယွန်အတွက် ချေပဂိုးအား ပိတ်သွင်းယူခဲ့ပါတယ်။