နယူးကာဆယ်နဲ့ ပွဲမှာ အိုနာနာ အရန်ခုံ ပို့ခံရဖွယ် ရှိပြီး လူစာရင်း အပြောင်းအလဲ များစွာမြင်ရမည်
မန်ချက်စတာ ယူနိုက်တက် ဂိုးသမား အိုနာနာဟာ ဒီ လာမယ့် တနင်္ဂနွေနေ့ နယူးကာဆယ်အိမ်ကွင်းကို သွားကစားရမယ့်ပွဲစဉ်မှာ အမိုရင်ရဲ့ ချန်လှပ်ခြင်း ခံရနိုင်တယ်လို့ သိရပါတယ်။
အိုနာနာဟာ လိုင်ယွန်နဲ့ တဖက် ၂ ဂိုးစီ သရေကျခဲ့တဲ့ ယူရိုပါလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ပွဲမှာ ဆိုးရွားတဲ့ အမှား ၂ ခုကို ကျူးလွန်ခဲ့တာဖြစ်ပါတယ်။
အမိုရင်က ပွဲပြီးသတင်းစာရှင်းလင်းပွဲမှာ အိုနာနာကို အပြစ်တင်ဖို့ ငြင်းဆန်ခဲ့ပြီး နီမန်ညာ မာတစ်နဲ့ စကားလုံးတိုက်စစ်က ကင်မရွန်းဂိုးသမားရဲ့ စွမ်းဆောင်ရည်ဆိုးရွားခဲ့မှုအတွက် အဓိကအကြောင်းအရင်းဖြစ်ခဲ့တယ်ဆိုတာကိုလည်း ငြင်းပယ်ခဲ့တာဖြစ်ပါတယ်။
အိုနာနာကို ချန်လှပ်ဖို့စဉ်းစားနေပြီလားလို့ မေးမြန်းခံရချိန်မှာလည်း အမိုရင်က အခုအတိုင်းပဲ ဆက်လုပ်သွားမှာဖြစ်တယ်လို့ ပြောဆိုခဲ့ပေမယ့် Daily Mail ရဲ့ဖော်ပြချက်အရ ပေါ်တူဂီလူမျိူးနည်းပြဟာ နယူးကာဆယ်နဲ့ပွဲမှာ အိုနာနာကို အရန်ခုံထိုင်ခိုင်းနိုင်တယ်လို့ သိရပါတယ်။
လိုင်ယွန်နဲ့ပွဲမှာ အမှားကျူးလွန်ခဲ့ပြီးနောက် စိန့်ဂျိမ်းစ်ပါ့ခ်မှာ ဒုတိယပွဲထွက်ဂိုးသမား ဘရင်ဒီယာကို ပွဲထွက်ခွင့်ပေးဖွယ် ရှိပါတယ်။
ကာဆယ်နဲ့ ပွဲမှာ နည်းပြ အမိုရင်က ယူနိုက်တက် ပွဲထွက်လူစာရင်းကိုလည်း အပြောင်းအလဲအများအပြား ပြုလုပ်သွားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။