ယူနိုက်တက် ချိန်နေတဲ့ သူ့ ကစားသမား အတွက် သန်း ၄ဝ ဈေးသတ်မှတ်လိုက်တဲ့ နည်းပြ ဖာဘရီဂတ်စ်

မန်ချက်စတာယူနိုက်တက်က ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အဆာနဲ ဒီယာအိုအတွက် ကိုမိုအသင်းနည်းပြ ဖာဘရီဂတ်စ်က ယူရိုသန်း ၄၀ တောင်းဆိုဖို့ စဉ်းစားထားတယ်လို့ ပြောကြားခဲ့ပါတယ်။

အသက် ၁၉ နှစ်အရွယ်ကစားသမားဟာ ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့ကာလကမှ ရီးရဲဘက်တစ်ကနေ ယူရို ၁၂ သန်းနဲ့ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး ကိုမိုအသင်းမှာ ချက်ချင်းခြေစွမ်းပြသနိုင်ခဲ့ပြီးနောက် စီးရီးအေ ၁၂ ပွဲမှာ ၆ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပြီးဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ကင်းထောက်တွေဟာ ပြီးခဲ့တဲ့လက ကိုမိုနဲ့ အမ်ပိုလီတို့ ၁-၁ သရေကျခဲ့တဲ့ပွဲကို လာရောက်စောင့်ကြည့်ခဲ့ကြပြီး လီဗာပူးနဲ့ နယူးကာဆယ်တို့လည်း နေရာစုံကစားနိုင်တဲ့ တိုက်စစ်ကစားသမားကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာတော့ ကိုမိုအသင်းနည်းပြဖြစ်တဲ့ ဖာဘရီဂတ်စ်က အသင်းအနေနဲ့ ဒီယာအိုအတွက် ရှင်းလင်းတဲ့ လမ်းကြောင်းရှိထားပြီးဖြစ်ပြီး လာမယ့်နွေမှာ ရောင်းထုတ်ဖို့ အစီအစဉ်မရှိဘူးလို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

“ကျွန်တော်တို့အနေနဲ့ မကစားရတဲ့ လူငယ်ပါရမီရှင်တွေကို ကစားခွင့်ပေးဖို့ ကြိုးစားနေပါတယ်။ သူတို့က ဒီမှာ ကောင်းကောင်း ကစားနေပြီး သူတို့ရဲ့ တန်ဖိုးက မြင့်တက်လာတာ သိသာပါတယ်။ သူတို့ကို ရောင်းထုတ်ဖို့အတွက် စိတ်ကူးမရှိပါဘူး။ သူတို့တွေက ဒီကို တိုးတက်ဖို့အတွက် ရောက်လာကြပြီး အသင်းကို တိုးတက်လာစေပါတယ်။

အဲဒီတော့ မန်ချက်စတာက ရောက်လာပြီး ဒီယာလိုအတွက် ယူရိုသန်း ၄၀ ကမ်းလှမ်းပြီး ခေါ်လို့ရမလား မေးမြန်းနိုင်ပါတယ်။ ဒါပေမယ့် အဲဒါက သူ ထွက်ခွာမယ်လို့ ပြောတာမဟုတ်ပါဘူး။

ရည်မှန်းချက်က သူတို့အတွက် လမ်းကြောင်းတခုဖန်တီးပေးပြီး အကျင့်စရိုက်ကောင်းရှိတဲ့ သူတွေနဲ့ အလုပ်တွဲလုပ်ဖို့ပါ၊ တန်ဖိုးက မြင့်တက်လာတာ သိသာပေမယ့် အရေးကြီးတဲ့အရာက သူတို့က ကျွန်တော်တို့အတွက် သင့်တော်တဲ့ကစားသမားတွေပါ”လို့ ပြောကြားခဲ့ပါတယ်။