အရေးပေါ် အခြေအနေ ရောက်နေတဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ အကြီးမားဆုံး စိုးရိမ်စရာကိစ္စကို နဗီး ဖော်ထုတ်
သရဲနီဟောင်းကြီး ဂယ်ရီ နဗီးကတော့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ညမှာ ယူနိုက်တက်က နယူးကာဆယ်ကို ၄ ဂိုးပြတ် ရှုံးနိမ့်ခဲ့ပြီးနောက် မန်ချက်စတာယူနိုက်တက်ရဲ့ အကြီးမားဆုံး စိုးရိမ်စရာကိစ္စက ဘာလဲဆိုတာကို ပြောပြခဲ့ပါတယ်။
ရူဘင် အမိုရင်ရဲ့အသင်းအတွက် နယူးကာဆယ်ကို ရှုံးနိမ့်ခဲ့တာက အရည်အသွေးကင်းမဲ့မှုအပြင် ဇယားထိပ်ပိုင်းက အသင်းတွေရဲ့ အဆင့်အတန်းနဲ့ မိုင်ပေါင်းများစွာ ဝေးကွာနေပြီဆိုတာကို ပြသခဲ့တာဖြစ်ပါတယ်။
စိန့်ဂျိမ်းစ်ပါ့ခ်မှာ ၄ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့မှုက အမှတ်ပေးဇယားအောက်ခြေမှာ ရာသီ ပြီးဆုံးရတော့မယ့် အမိုရင်ရဲ့ မန်ချက်စတာယူနိုက်တက်အတွက် နောက်ထပ် စိတ်ပျက်စရာ ရလဒ်ဖြစ်ခဲ့တာဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်ဂန္တဝင် ဂယ်ရီ နဗီးက အသင်းရဲ့ အဆင့်အတန်းနဲ့ အရည်အသွေးကိူ ပြစ်တင် ဝေဖန်ခဲ့ပြီး ကြိုးစားအားထုတ်မှုအပိုင်းမှာ ပြဿနာမရှိပေမယ့် အရည်အသွေးကင်းမဲ့နေတာ ရှင်းလင်းသွားတယ်လို့ ပြောဆိုခဲ့ပါတယ်။
“သူတို့တွေက အရမ်းကောင်းတဲ့အသင်းမဟုတ်ပါဘူး။ ရှင်းပါတယ်။ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ မန်ချက်စတာယူနိူက်တက်မှာ ရှိခဲ့တဲ့ အကြီးမားဆုံး ပြဿနာက သူတို့မှာရှိသမျှ အရာအားလုံး မပေးတာပါပဲ။
အခု ဒီ ကစားသမား အစုအဖွဲ့မှာရှိနေတဲ့ ပြဿနာက သူတို့မှာ ရှိသမျှ အားလုံးပေးတာတောင် မလုံလောက်တာပဲ။ သူတို့တွေက ကြိုးစားအားထုတ်မှု မရှိတာ မဟုတ်ဘူးလို့ ထင်တယ်။ သူတိူ့က ဒီအသင်းအတွက် ကစားပေးဖို့ ရှိရမယ့် အဆင့်အတန်းနဲ့ အရည်အသွေးထက် နိမ့်ကျနေတာပါ။
တခြားကစားသမားတွေထက် ဘရူနို ဖာနန်ဒက်စ်နဲ့ အာမက်တို့က ပိုကောင်းတာဖြစ်နိုင်ပေမယ့် သူတို့ထဲက ဘယ်သူကမှ အရင်တုန်းက မန်ယူနိုက်တက် ကစားသမားတွေလို အဆင့်အတန်းရှိတယ်လို့ မထင်ပါဘူး။ ဒါက အရေးပေါ် အခြေအနေပါ။
ဘာလို့လဲဆိုတော့ အသင်းရဲ့ အရည်အသွေးက အရမ်းကို ဆိုးရွားနေလို့ပါ။ သူတို့မှာ ဝါရင့်တွေရော လူငယ်ကစားသမားတွေပါရှိပေမယ့် ဘယ်သူမှ မန်ယူနိုက်တက်ကစားသမားလို့ ပြောရမယ့် အရည်အသွေးမရှိဘူး။ ပြီးတော့ လူစာရင်းထဲက ကွင်းလယ် ကစားသမားတွေက စိုးရိမ်စရာ အခြေအနေမှာ ရှိနေပါတယ်”လို့ ပြောကြားခဲ့ပါတယ်။