အသင်း ၃ သင်းနဲ့ တန်းဆင်းဖူးတဲ့ ဂိုးသမားကို ခေါ်ယူဖို့ မန်ချက်စတာ ယူနိုက်တက် အံ့ဖွယ် ချိန်ရွယ်
မန်ချက်စတာယူနိုက်တက်အသင်းဟာ အသင်း လက်ရှိ ဂိုးသမားတွေနဲ့ အဆင်မပြေတာကြောင့် အာဆင်နယ် ဂိုးသမားဟောင်း ဖြစ်တဲ့ လက်ရှိ ဆောက်သမ်တန် ဂိုးသမား ရမ်စဒေးလ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းထွက်လာပါတယ်။
ယူနိုက်တက်နည်းပြအမော်ရင်ဟာ လိုင်ယွန်နဲ့ပွဲတုန်းက စိတ်ပျက်စရာ အမှားတွေကျုးလွန်ခဲ့တဲ့ အိုနာနာကို နယူးကာဆယ်နဲ့ပွဲအတွက် ပွဲထွက်လူစာရင်းကနေ ချန်လှပ်ခဲ့ပြီး အရန်ဂိုးသမားဖြစ်သူ ဘေယင်ဒီယာကို အသုံးပြုခဲ့ပါတယ်။
ဒါပေမဲ့ ယူနိုက်တက်ကစားသမားဘ၀ ပထမဆုံး ပွဲထွက်ခွင့်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ ဘေယင်ဒီယာတစ်ယောက် ကံမကောင်းခဲ့ဘဲ ဂိုးပေါက်ကာကွယ်မှုတချို့ပြုုလုပ်နိုင်ပေမဲ့လည်း ယူနိုက်တက်ခံစစ်ပိုင်း အားနည်းချက်ကြောင့် ဂိုးတွေ ခွင့်ပြုခဲ့ရပြီး နယူးကာဆယ်ကို ၄-၁ ဂိုးနဲ့အရှက်တကွဲရှုံးနိမ့်ခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ လာမဲ့နွေရာသီကျရင် အသင်းကို ကြီးတဲ့အပြောင်းအလဲတွေ လုပ်သွားဖို့ရှိတာကြောင့် အိုနာနာနဲ့ ဘေယင်ဒီယာတို့ဟာ ယူနိုက်တက်မှာ ဆက်ရှိနေဖို့ မသေချာတော့ပါဘူး။
အမော်ရင်ကလည်း ဂိုးသမားသစ်တစ်ဦး ခေါ်ယူလိုနေပြီး ရမ်စဒေးလ်ကို ဝက်စ်ဟမ်းနဲ့အပြိုင် ကြိုးပမ်းဖို့ စိတ်ဝင်စားနေပါတယ်။
ဒီရာသီအစက အာဆင်နယ်ကနေ ဆောက်သမ်တန်ကို ပြောင်းရွှေ့ခဲ့သူ ရမ်စဒေးလ်ဟာ ပွဲဦးထွက်ရာသီမှာ စိတ်ပျက် စရာ ရလဒ်ဆိုးတွေနဲ့ ရင်ဆိုင်ခဲ့ရသလို ဆောက်သမ်တန်အသင်းကလည်း ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ရာသီမကုန်ခင် အစောဆုံး တန်းဆင်းခဲ့ရတဲ့အသင်းအဖြစ် စံချိန်ဆိုး ပိုင်ဆိုင်ခဲ့ပါတယ်။
ရမ်စဒေးလ်ဟာ ကစားသမားဘဝမှာ ဘုန်းမောက်၊ ရှက်ဖီးယူနိုက်တက်၊ ဆောက်သမ်တန်တို့နဲ့အတူ တန်းဆင်းခဲ့ရပြီး ပရီးမီးယားလိဂ်သမိုင်းမှာ အကြိမ်အများဆုံး တန်းဆင်းခဲ့ရတဲ့ ကစားသမားတစ်ဦးအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
ဒီရာသီမှာ ဆောက်သမ်တန်တို့ ဆိုးရွားတဲ့ရလဒ်တွေ ပိုင်ဆိုင်ခဲ့ရပေမဲ့လည်း ရမ်စဒေးလ်ကတော့ ပုံစံကောင်းပြသနိုင်ခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ပွဲတွေတုန်းက ရမ်စဒေးလ်ရဲ့ စွမ်းဆောင်ရည်ကို စောင့်ကြည့်ခဲ့ပြီး ပရီးမီးယားလိဂ်အတွေ့အကြုံကောင်းတွေအရ ရမ်စဒေးလ်ဟာ သူတို့ ရင်ဆိုင်နေရတဲ့ ဂိုးသမားပြဿနာကို ဖြေရှင်းနိုင်မယ်လို့ ယုံကြည်နေပါတယ်။