သည်းထိတ်ရင်ဖို Come Back လုပ်ပြပြီး ဆီမီးဖိုင်နယ် အဆင့်သို့ တက်ရောက်သွားတဲ့ ယူနိုက်တက်ရဲ့ အံ့ဖွယ် နိုင်ပွဲ
မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ကြာသပတေးနေ့ည အိုးထရက်ဖို့ဒ်မှာ လိုင်ယွန်ကို သည်းထိတ်ရင်ဖို ဂိုးတွေ လိုက်သွင်းပြီး ၅-၄ နဲ့ အနိုင်ရရှိခဲ့ပြီး ယူရိုပါလိဂ် ဆီမီးဖိုင်နယ်အဆင့်ကို တက်လှမ်းနိုင်ခဲ့ပြီဖြစ်ပါတယ်။
ပထမအကျော့က ပြင်သစ်မှာ တဖက် ၂ ဂိုးစီ သရေကျခဲ့ပြီးနောက် မန်ယူနိုက်တက်အတွက် အိုးထရက်ဖို့ဒ်မှာ အနိုင်မဖြစ်မနေ ကစားရမယ့် အခြေအနေဖြစ်လာခဲ့တာဖြစ်ပြီး သရဲနီတွေဟာ သူတို့ရဲ့ ရှည်လျားလှတဲ့ သမိုင်းကြောင်းတလျှောက် အံ့အားသင့်စရာအကောင်းဆုံး ကမ်းဘက်နိုင်ပွဲတွေထဲက တစ်ပွဲကို ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်ဟာ ပထမပိုင်းအစောပိုင်းမှာ မန်နူရယ် အူဂါတီရဲ့ ဦးဆောင်ဂိုးကြောင့် ကောင်းမွန်တဲ့ စတင်မှု ပြုလုပ်နိုင်ခဲ့တာဖြစ်ပြီး ပထမပိုင်းပြီးခါနီးမှာ ဒါလော့က အဖိုးတန် နောက်ထပ်ဦးဆောင်ဂိုးတဂိုး ထပ်မံသွင်းယူပေးခဲ့ပါတယ်။
ကိုရန်တင်င် တိုလစ်ဆိုက ဒုတိယပိုင်း ၇၁ မိနစ်မှာ ချေပဂိုး ပြန်သွင်းယူပြီးနောက် ၇ မိနစ်အကြာမှာပဲ တက်ဂလီယာဖီကိုက တဖက် ၂ ဂိုးစီ ညီမျှသွားစေမယ့် ချေပဂိုးကို ထပ်မံသွင်းယူခဲ့တာဖြစ်ပါတယ်။
ပွဲပြီးခါနီး နောက်ဆုံးမိနစ်မှာ တိုလစ်ဆိုက လီနီ ယိုရိုကို ခြေချိတ်လှဲခဲ့တယ်ဆိုပြီး ၂ ဝါ ၁ နီနဲ့ ထုတ်ပယ်ခံခဲ့ရတာကြောင့် လိုင်ယွန်တို့ အချိန်ပိုကို တယောက်လျော့နဲ့ ကစားရဖို့ ဖြစ်လာခဲ့ပါတယ်။
ဒါပေမယ့်လည်း တကယ့်တကယ်တမ်း အချိန်ပိုမှာ စပြီး ဂိုးသွင်းယူနိုင်ခဲ့တဲ့ အသင်းက လိုင်ယွန်ဖြစ်ခဲ့ပြီး ချာကီက ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့ပြီးနောက် လာကာဇက်ကပါ ပင်နယ်တီကနေ ဂိုးထပ်မံသွင်းယူခဲ့တာဖြစ်ပါတယ်။
အချိန်ပိုပြည့်ဖို့ ၁၀ မိနစ်သာ လိုတော့ချိန်မှာ ၂ ဂိုးကွာဟနေတာကြောင့် လိုင်ယွန်ကပဲ ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက် သွားနိုင်တော့မယ်လို့ ထင်မြင်ခဲ့ကြချိန်မှာ သရဲနီတွေက မယုံနိုင်လောက်စရာ စွမ်းဆောင်ရည်နဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုကို ပြသခဲ့တာဖြစ်ပါတယ်။
၁၁၄ မိနစ်မှာ ရခဲ့တဲ့ ပင်နယ်တီကနေ ဘရူနို ဖာနန်ဒက်စ်က ချေပဂိုး သွင်းယူခဲ့ပြီးနောက် မိနစ် ၁၂၀ နဲ့ ၁၂၁ မိနစ်တို့မှာ မိန်းနူးနဲ့ မက်ဂွိုင်းယားတို့က ၁ မိနစ်သာ ခြားပြီး ချေပဂိုးနဲ့ အနိုင်ဂိုး သွင်းယူသွားခဲ့တာဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်ဟာ လိုင်ယွန်ကို ၂ ကျော့ပေါင်း ၇-၆ နဲ့ အနိုင်ရရှိခဲ့တာကြောင့် ဆီမီးဖိုင်နယ်အဆင့်မှာ အက်သလက်တစ် ဘီလ်ဘာအိုနဲ့ တွေ့ဆုံ ယှဉ်ပြိုင်သွားရတော့မှာဖြစ်ပါတယ်။