မိုင်နူးနှင့် မက်ဂွိုင်းယားကို တိုက်စစ်မှူး အဖြစ် သုံးလိုက်တဲ့ လှည့်ကွက်အကြောင်း ဖော်ထုတ်လာတဲ့ အေမိုရမ်

ယူနိုက်တက် နည်းပြရူဘင် အေမိုရမ်ဟာ မနေ့ညတုန်းက လိုင်ယွန်အား နောက်ကျဂိုးများဖြင့် ပြန်လည်အနိုင်ယူခဲ့ကာ ယူရိုပါလိဂ်ဆီမီးဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့တဲ့ ပွဲတွင် ကိုဘီမိုင်နူးနှင့် ဟယ်ရီမက်ဂွိုင်းယားတို့အား တိုက်စစ်မှူးအဖြစ် အသုံးပြုရတဲ့အကြောင်းရင်းအား ဖွင့်ဟလာပါတယ်။

မိုင်နူးဟာ အေမိုရမ်ရောက်လာပြီးကတည်းက ခြေစွမ်းမတည်ငြိမ်ခြင်း၊ ကြံ့ခိုင်မှုပြဿနာရှိနေခြင်းတို့နှင့် ကြုံတွေ့လာရသူ ဖြစ်ပါတယ်။ ဒါပေမဲ့ သူဟာ ပုံမှန်ပွဲချိန် ပြီးဆုံးခါနီးတွင် ဒဏ်ရာရရှိသွားတဲ့ ဟွိုင်းလန်းနေရာမှာ လူစားဝင်ရောက်ကစားခဲ့ပါတယ်။

အေမိုရမ်က မိုင်နူးမှာ ကျဉ်းမြောင်းတဲ့ နေရာလွတ်အတွင်းတွင် ကစားနိုင်မှုနှင့်အတူ ကျောနံပါတ် ၉ အဖြစ် ပြောင်း အသုံးပြုရန် စိတ်ကူးရသွားခြင်း ဖြစ်ကြောင်း ဆိုသွားပါတယ်။

မိုင်နူးဟာ ယူနိုက်တက်အတွက် အဖိုးတန်ချေပဂိုးအား သွင်းယူပေးနိုင်ခဲ့ပါတယ်။

အချိန်ပိုတွင် ယူနိုက်တက်အတွက် အနိုင်ဂိုးအား ဟယ်ရီမက်ဂွိုင်းယားက သွင်းယူခဲ့ပါတယ်။ အေမိုရမ်ဟာ အသင်းတွင် ခေါင်းတိုက်ဂိုးသွင်းနိုင်သူအဖြစ် မက်ဂွိုင်းယား တစ်ဦးတည်းသာ ရှိနေမှုနှင့်အတူ တိုက်စစ်မှူးအဖြစ် ပြောင်း အသုံးပြုခဲ့တာလည်း ဖြစ်ပါတယ်။

အေမိုရမ်က “မက်ဂွိုင်းယားက ခေါင်းတိုက်ဂိုးသွင်းနိုင်တဲ့ တစ်ဦးတည်းသော ကစားသမားဖြစ်လို့ ရှေ့တက်ကစားစေခဲ့တာပါ။ ကိုဘီက အခု ဒဏ်ရာကြောင့် သိပ်ပြေးအား မကောင်းဘူး။ ဒါပေမဲ့ သူက ကျဉ်းမြောင်းတဲ့ နေရာလွတ်မှာ ကစားတာ အရမ်းကောင်းတယ်”လို့ ပြောကြားသွားပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ မေလ ၁ ရက်နေ့မှာ ဘီလ်ဘာအိုနှင့် ယူရိုပါလိဂ်ဆီမီးဖိုင်နယ် ကစားရပါမယ်။