လက်ရှိ နည်းပြ အမိုရင် နေရာမှာ ယူနိုက်တက်တို့ အစားထိုးရမယ့် နည်းပြသစ်

နာမည်ကြီး အားကစား အစီအစဉ် တင်ဆက်သူ ရစ်ချက် ကီးက မန်ယူနိုက်တက်အနေနဲ့ ရူဘင် အမိုရင်ကို ဆက်ပြီး ထောက်ခံသင့်ရဲ့လားလို့ မေးခွန်းထုတ်ခဲ့ပြီး ပေါ်တူဂီလူမျိုးနည်းပြနေရာမှာ အစားထိုးသင့်တဲ့နည်းပြကို ပြောပြခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ရဲ့ ဆိုးရွားတဲ့ ပြည်တွင်း ခြေစွမ်းဟာ တနင်္ဂနွေနေ့ညနေမှာ ဝုဗ်ကို ၁-၀ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် ဆက်လက်မြင်တွေ့ခဲ့ရတာဖြစ်ပြီး ဒီရာသီ ၁၅ ပွဲမြောက် ရှုံးပွဲအပြီး အမှတ်ပေးဇယား အဆင့် ၁၄ နေရာမှာ ရပ်တည်နေရတာ ဖြစ်ပါတယ်။

သရဲနီတွေဟာ ကြာသပတေးနေ့ညက လိုင်ယွန်နဲ့ ကစားခဲ့တဲ့ ယူရိုပါလိဂ် ကွာတားဖိုင်နယ်ပွဲမှာ မယုံနိုင်ဖွယ် ကမ်းဘက်နိုင်ပွဲကို လုပ်ပြနိုင်ခဲ့ပေမယ့် ၃ ရက်အကြာမှာ ကစားခဲ့တဲ့ပွဲမှာတော့ အဲဒီပွဲက ခြေစွမ်းမျိုး မမြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။

အားကစား ရုပ်သံထုတ်လွှင့်တင်ဆက်သူ ရစ်ချက် ကီးက စိတ်ပျက်ဖွယ် ရှုံးပွဲအပြီး အိုးထရက်ဖို့်က အမိုရင်ရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး မေးခွန်းထုတ်ခဲ့တာဖြစ်ပါတယ်။

“မေးစရာရှိတာက နောက်ထပ် ပေါင်သန်း ၂၅၀ ပေးသုံးပြီး မန်ယူနိုက်တက်ကို ပြန်တည်ဆောက်ဖို့အတွက် ခင်ဗျား သူ့ကို ယုံကြည်မှု ပေးမှာလား။”လို့ beIN Sports မှာ ရစ်ချက် ကီးက မေးမြန်းခဲ့ရာမှာ အန်ဒီ ဂရေးက “ယုံကြည်မှု မပေးဘူးဆိုရင်လည်း ဘယ်သူရှိသေးလို့လဲ။ ဒါကမှ မေးခွန်းထုတ်ရမှာပါ။ လို့ တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။

ရစ်ချက်ကီးက “ခင်ဗျား ကျွန်တော့်ကို ဒီမေးခွန်း ဖြေစေချင်သလား။ အဲဒါဆိုရင်တော့ ဂါးရတ် ဆောက်ဂိတ်ပဲ”လို့ ပြောကြားခဲ့ပါတယ်။

အန်ဒီ ဂရေးက အဲဒီအဖြေကြောင့် အံ့အားသင့်ခဲ့ပြီးနောက် “ခင်ဗျား ဘယ်အချက်ကို ကြည့်ပြီး ဒီလိုပြောတာလဲ”လို့ မေးမြန်းခဲ့ပါတယ်။

အဲဒီအခါ ရစ်ချက်ကီးက “သူ အင်္ဂလန်ကို ယူရိုဗိုလ်လုပွဲ ၂ ကြိမ်ပို့ပေးနိုင်ခဲ့တဲ့အပေါ်မှာ အခြေခံပြီး ပြောတာပါ။ သူက ဒီနေ့ခေတ် ကစားသမားတွေကို နားလည်နိုင်စွမ်းရှိပြီး အဲဒီကစားသမားတွေ သူ့တို့ကိုယ်သူတို့နဲ့၊ သူတို့ ကစားပေးနေတဲ့အသင်းအတွက် ကောင်းမွန်နေတယ်လို့ ခံစားရအောင် လုပ်ပေးနိုင်ဖို့ လိုအပ်ချက်တွေကိုလည်း သိတယ်။ သူက စိတ်အာရုံ လှည့်စားမှုနဲ့ စိတ်ဓာတ်ခွန်အားပေးတဲ့နေရာမှာ ဆရာတပါးပဲ။ “လို့ ပြောကြားခဲ့ပါတယ်။