နွေမှာ ပါရမီရှင် ကစားသမား တစ်ဦး အလွတ်နဲ့ ခေါ်ယူဖို့ ယူနိုက်တက် သဘောတူညီမှု ရရှိပြီ သတင်းထွက်လာ

မန်ချက်စတာယူနိုက်တက်ဟာ လာမယ့် နွေရာသီတွင် ပထမဆုံးခေါ်ယူမှုအဖြစ် လီဟာဗရီမှ အန်ဇိုကာနာဘီယက်ခ်ကို ခေါ်ယူရန် သဘောတူညီမှု ရရှိသွားပြီ ဖြစ်ကြောင်း သိရပါတယ်။

L’Equipe က ယူနိုက်တက်ဟာ နွေရာသီတွင် လီဟာဗရီနှင့် စာချုပ်သက်တမ်းကုန်ဆုံးမဲ့ ဆယ်ကျော်သက် တိုက်စစ်မှူး ကာနာဘီယက်ခ်ကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူရန် သဘောတူညီမှု ရရှိသွားပြီ ဖြစ်ကြောင်း ဖော်ပြလာပါတယ်။

အသက် ၁၈ နှစ် အရွယ်ရှိ ပါရမီရှင်တိုက်စစ်မှူးဟာ လီဟာဗရီအရန်အသင်းမှာ ကစားနေသူ ဖြစ်ပြီး နှစ်ချင်းတိုက်ဆုံမှု၊ မြန်နှုန်းမြင့်မှု၊ ခေါင်းတိုက်ကောင်းမွန်မှု၊ ကြံ့ခိုင်သန်စွမ်းမှုတို့ဖြင့် နာမည်ကြီးတဲ့ လူငယ်တစ်ဦးဖြစ်ပါတယ်။

သူဟာ လီဟာဗရီပထမအသင်းအတွက် တစ်ပွဲမျှ ကစားရခြင်း မရှိသေးပေမဲ့လည်း စွမ်းဆောင်ရည်မြင့်မားမှုကြောင့် ဥရောပထိပ်သီးကလပ်များရဲ့ ကင်းထောက်များရဲ့ စောင့်ကြည့်ခြင်းခံလာရသူ ဖြစ်ပါတယ်။

ကာနာဘီယက်ခ်ရဲ့ ဘောလုံးမျိုးရိုးမှ ပေါက်ဖွားလာသူ ဖြစ်ပြီး ဖခင်ဖြစ်သူ အင်ဒရေကာနာဘီယက်ခ်မှာ ကင်မရွန်းလက်ရွေးစင်တစ်ဦးဖြစ်ပြီး အစ်ကိုဖြစ်သူဂျိန်းအာမယ်ကာနာဘီယက်ခ်မှာလည်း လက်ရွေးစင်အသင်းအတွက် ကစားခွင့်ရထားသူ ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ယခင်တုန်းက လီဟာဗရီအကယ်ဒမီထွက် ပေါလ်ပေါ့ဘာအား ထိပ်တန်းကစားသမားတစ်ဦးဖြစ်အောင် အရောင်တင်ပေးဖူးရာ ဘီယက်ခ်မှာလည်း ပြင်သစ်စူပါစတားခြေရာကို နင်းနိုင်မဲ့သူအဖြစ် ယုံကြည်နေပါတယ်။

ကာနာဘီယက်ခ်ဟာ မိုနာကို၊ မာဆေးတို့ရဲ့ ဆက်သွယ်မှုများ ရရှိပေမဲ့လည်း ယူနိုက်တက်ရဲ့ ရေရှည်စီမံကိန်းကို ယုံကြည်ကာ အင်္ဂလန်သို့ ပြောင်းရန် ဆုံးဖြတ်လာတာလည်း ဖြစ်ပါတယ်။