ချန်ပီယံလိဂ် ကစားချင်လို့ပဲ ဆိုရင် ယူနိုက်တက်ကို မလာနဲ့ လို့ တပည့်ဟောင်း ယိုကီရက်စ်အား အမိုရင် သတိပေး
နည်းပြ ရူဘင်အေမိုရမ်ဟာ ယူနိုက်တက်သို့ ပြောင်းရွှေ့ရန် စပို့တင်းလစ္စဘွန်း တိုက်စစ်မှူးဗစ်တာယိုကီရက်စ် ငြင်းပယ် လာနိုင်တဲ့ အကြောင်းရင်းကို ဖွင့်ဟလာပါတယ်။
ဆွီဒင်တိုက်စစ်မှူးယိုကီရက်စ်ဟာ လက်ရှိ ဘောလုံးလောကတွင် အကောင်းဆုံးတိုက်စစ်မှူးများထဲမှ တစ်ဦးအဖြစ် သတ်မှတ်ခံထားရသူ ဖြစ်ပါတယ်။ အသက် ၂၅ နှစ်ရှိ တိုက်စစ်မှူးဟာ လစ္စဘွန်းတွင် ကစားတဲ့ ကာလအတွင်း ၉၈ ပွဲမှာ ၉၅ ဂိုးအထိ သွင်းထားပါတယ်။
သူဟာ ယခုရာသီတွင် ပြိုင်ပွဲအရပ်ရပ်မှာ ၅၂ ဂိုးအထိသွင်းထားပါသေးတယ်။
ဘရိုက်တန်နှင့် ကိုဗင်ထရီတိုက်စစ်မှူးဟောင်းဟာ လာမယ့် နွေရာသီတွင် အင်္ဂလန်တွင် ပြန်လည်ခြေချလာမယ်လို့ သတင်းပြေးနေပြီး ဆရာဟောင်း အေမိုရမ်ရှိရာ ယူနိုက်တက်မှာလည်း သူ ရောက်လာနိုင်တဲ့ ကလပ်များတွင် ပါဝင်ပါတယ်။
ဒါပေမဲ့ ယူနိုက်တက်မှာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့် ၁၄ နေရာမှာ ရပ်တည်နေပါတယ်။ ယူနိုက်တက်ဟာ ယူရိုပါလိဂ်ဆီမီးဖိုင်နယ်မှာ ဘီလ်ဘာအိုနှင့် ရင်ဆိုင်ရမှာ ဖြစ်ပြီး ချန်ပီယံဖြစ်လာပါက ၂၀၂၅-၂၆ ရာသီတွင် ချန်ပီယံလိဂ်ဝင်ခွင့် ရလာပါမယ်။
အေမိုရမ်က ယိုကီရက်စ်ကို ခေါ်ယူရေးတွင် ချန်ပီယံလိဂ်ဝင်ခွင့် ရရှိမှုမှာ အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်လာဖို့ ရှိနေကြောင်း ဆိုလာပါတယ်။
အေမိုရမ်က “သူနဲ့ စကားမပြောရသေးပါဘူး။ ဒါပေမဲ့ တကယ်လို့များ ကစားသမားတစ်ဦးက ချန်ပီယံလိဂ်မှာ ကစားချင်လို့ ယူနိုက်တက်သို့ ကစားဖို့ လာချင်ဆိုရင် မလာပါနဲ့။ ကျွန်တော်တို့က ယူနိုက်တက်ကို ကိုယ်စားပြုချင်တဲ့သူကိုပဲ လိုချင်တယ်။ ပြိုင်ပွဲတွေမှာ ကစားချင်တဲ့သူမျိုး အလိုမရှိပါဘူး”လို့ ပြောကြားသွားပါတယ်။
ယိုကီရက်စ်ဟာ စပို့တင်းလစ္စဘွန်းနှင့် ချုပ်ဆိုထားတဲ့ စာချုပ်အတွင်းတွင် စာချုပ်ဖျက်သိမ်းကြေး ပေါင်သန်း ၆၀ (ဒေါ်လာသန်း ၈၀)ဖြင့် ခေါ်ယူနိုင်မဲ့ အချက်ကို ထည့်သွင်းချုပ်ဆိုထားသူ ဖြစ်ပါတယ်။
ပေါ်တူဂီသတင်းစာ A Bola က လက်ရှိအချိန်တွင် ယိုကီရက်စ်ကို ခေါ်ယူရန် အာဆင်နယ်က ရေပန်းအစားဆုံးဖြစ်နေကြောင်း ဖော်ပြနေပါတယ်။