ရော်နယ်ဒင်ညို နဲ့တောင် နှိုင်းပြီး ဟယ်ရီဒင်ညို လို့ အခေါ်ခံနေရတဲ့ ယူနိုက်တက်ရဲ့ မှော်ဝင် မက်ဂွိုင်းယား
ယူရိုပါလိဂ်ပြိုင်ပွဲက ဟယ်ရီ မက်ဂွိုင်းယား ရဲ့ အကောင်းဆုံးခြေစွမ်းကို ဖော်ထုတ်တဲ့ နေရာလို့ ပြောရင် မှားမယ် မထင်ပါဘူး။
ယူနိုက်တက်နောက်ခံလူဟာ လိုင်ယွန်နှင့် ကွာတားဖိုင်နယ်မှာ ၁၂၁ မိနစ် နောက်ကျအနိုင်ဂိုးသွင်းပြီးနောက် ဆီမီးဖိုင်နယ်ပထမအကျော့မှာ ဘီလ်ဘာအိုကို ၃-၀ ဂိုးဖြင့် အနိုင်ရအောင် မှော်ဝင်နေတဲ့ အခိုက်အတန့် ဖန်တီးလာပြန်ပါတယ်။
မက်ဂွိုင်းယားဟာ သူ့ရဲ့ ပဉ္စလက် အလိမ်အခေါက်ပညာနှင့် ဖြတ်တင်ဘော ကျွမ်းကျင်မှုဖြင့် ကက်စ်မီရို ခေါင်းတိုက်ဂိုးသွင်းနိုင်အောင် ဖန်တီးပေးနိုင်ခဲ့ပါတယ်။ မက်ဂွိုင်းယားရဲ့ ဘောလုံးပဉ္စလက်ပညာပြသသွားပုံက ဘရာဇီးဂန္ထဝင်ရော်နယ်ဒင်ညိုနှင့်တောင် ခပ်ဆင်ဆင်ရယ်ပါ။
ဒါကြောင့်လည်း ယူနိုက်တက်တို့ ယူရိုပါလိဂ်ဗိုလ်လုပွဲသို့ တက်ရောက်ဖို့ ခြေတစ်လှမ်းထားနိုင်ပြီးချိန်မှာတော့ အသက် ၃၂ နှစ်ရှိ မက်ဂွိုင်းယားဟာ ဟယ်ရီဒင်ညိုဆိုပြီး ချစ်စနိုး ကင်ပွန်းတတ်ခြင်းခံနေရပါတယ်။
ယူရိုပါလိဂ်ဗိုလ်လုပွဲကို လက်ခံကျင်းပမဲ့ San Mames ကွင်းမှာ ကစားတဲ့ ပွဲရဲ့ ပွဲချိန် ၂၉ မိနစ်မှာ မက်ဂွိုင်းယားဟာ ရော်နယ်ဒင်ညိုလို မှော်အစွမ်းပြသလာပြီး အိမ်ရှင် ဘီလ်ဘာအိုပရိသတ်များ အသံတိတ်အောင် လုပ်ပြခဲ့ပါတယ်။
ယူနိုက်တက်ရဲ့ ကျောနံပါတ် ၅ ပိုင်ရှင်ဟာ ညာတောင်ပံခြမ်းမှာ မီခေးလ်ဂျူရီဂါဇာနှင့် ထိပ်တိုက်အတွေ့မှာ ဘောလုံးပဉ္စလက်ပြကွက်တွေ ပြသပြီး ပြိုင်ဘက်ကို ကျော်ဖြတ်ကာ ဖြတ်တင်ဘော ပေးပို့ခဲ့ပါတယ်။
ယင်းဖြတ်တင်ဘောကို မန်နူရယ် အူဂတ်တီက ထပ်ဆင့်ခေါင်းတိုက်ချပေးလိုက်ပြီးနောက် ကက်စ်မီရိုက အပိုင်ခေါင်းတိုက်သွင်းခဲ့တာ ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းခေါင်းဆောင်ဘရူနိုဖာနန်ဒက်စ်က “ဘယ်လို တောင်ပံကစားသမားတစ်ယောက်လဲ? ဒီအရည်အချင်း သူ့မှာ ရှိတယ်ဆိုတာ သိမယ် မထင်ဘူး”လို့ ဆိုသွားပါတယ်။ ယင်းပွဲမှာ ဘရူနိုဖာနန်ဒက်စ်ဟာ နောက်ထပ် ၂ ဂိုးသွင်းပြီး ယူနိုက်တက်တို့ ဗိုလ်လုပွဲသို့ တက်ဖို့ သေချာစေခဲ့ပါတယ်။
ဆက်လက်ပြီး ဘရူနိုဖာနန်ဒက်စ်က “အခုဆို ဟယ်ရီက ယုံကြည်မှု အရမ်းမြင့်နေပြီ။ ကစားနေချိန်မှာ သူ့နေရာ ပိုသန်မာလာတယ်။ သူက အရမ်းတော်တဲ့ ခေါင်းဆောင်တစ်ဦးပါ။ သူဆက်လက် တိုးတက်နေဖို့ မျှော်လင့်ပါတယ်”လို့ ပြောကြားသွားပါတယ်။
ယူနိုက်တက်နောက်ခံလူဟောင်းဖီးလ်ဂျုံးစ်ကလည်း “သူ့မှာ ဒီလို အရည်အချင်း ရှိတယ်ဆိုတာ မသိဘူး။ အရိုးသားဆုံးပြောရရင် လေ့ကျင့်ရေးကွင်းမှာ ဒီလို လုပ်တာ တစ်ခုမှ မမြင်ဖူးဘူး။ မျှတစွာကစားတယ်။ ဖြတ်တင်ပေးလိုက်တာ တကယ့်ကို ကောင်းတယ်”လို့ BBC 5 Live မှာ ပြောကြားသွားပါတယ်။
ရူဘင်အေမိုရမ်လည်း “တခါတလေ ကျွန်တော်တို့ဘဝ တကယ့်အခိုက်အတန့်အချို့ ရှိလာပါတယ်။ ဟယ်ရီဟာ ခက်ခဲတဲ့ အခိုက်အတန့်တွေ ကြုံခဲ့တယ်။ သူ လုပ်ခဲ့တာ အားလုံးက အသင်းကောင်းဖို့အတွက်ပါ။ ကျွန်တော်တို့ ပျော်တယ်”လို့ ပြောကြားသွားပါတယ်။