ယူရိုပါလိဂ်ပဲ တွေးနေတဲ့ ယူနိုက်တက်တို့ သမိုင်း စံချိန်တင် ပရီးမီးယားလိဂ် ရမှတ်နဲ့ ဇာတ်သိမ်းဖို့ နီးကပ်လာ

မန်ချက်စတာ ယူနိုက်တက်ဟာ ညက ပရီးမီးယားလိဂ်ပွဲမှာ ဘရန့်ဖို့ဒ် အသင်းကို ၄-၃ နဲ့ ရှုံးနိမ့်သွားခဲ့ရပါတယ်။

ယူရိုပါလိဂ်ပွဲရှိလို့ အဓိက ကစားသမားတချို့ကို အမော်ရင် အနားပေးခဲ့ပြီး အခုပွဲမှာ ယူနိုက်တက်အသင်း ပွဲထွက်ကစားသမားတွေရဲ့ ပျမ်းမျှအသက်က ၂၂ နှစ် ၂၀၇ ရက်သာရှိလို့ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် တတိယမြောက် အသက်အငယ်ဆုံး ပွဲထွက်လူစာရင်းအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

ဒါပေမဲ့ ယူနိုက်တက်လူစာရင်းမှာ ချီဒိုအိုဘီ၊ ဟယ်ရီအားမတ်စ်၊ ဖရက်ဒရစ်ဆင်တို့လောက်သာ အတွေ့အကြုံနည်းပါးတဲ့သူတွေပါပြီး ကျန်တဲ့ကစားသမားတွေက အတွေ့အကြုံရှိ ကစားသမားတွေဖြစ်ပေမဲ့ ယူနိုက်တက်ခြေစွမ်းက ဒီလောက်ကြီး အားရစရာမကောင်းခဲ့ဘူး။

အခုပွဲမှာ ယူနိုက်တက်စီနီယာအသင်းအတွက် ပထမဆုံးအကြိမ်ပွဲဦးထွက်ခွင့်ရခဲ့တဲ့ ချီဒိုအိုဘီဟာ အသက် ၁၇ နှစ် ၁၅၆ ရက်နဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲတစ်လျှောက် အသက်အငယ်ဆုံး ယူနိုက်တက်ကစားသမားအဖြစ် စံချိန်တင်ခဲ့ပါတယ်။

ပထမပိုင်း ၁၄ မိနစ်မှာ ဂါနာချိုပေးတာကနေ မေဆင်မောင့်က အဖွင့်ဂိုးသွင်းခဲ့ပြီး ဒီဂိုးဟာ ယူနိုက်တက်ကစားသမားဘ၀ မေဆင်မောင့်ရဲ့ ဒုတိယမြောက် ပရီးမီးယားလိဂ်ဂိုးဖြစ်ပါတယ်။

အိမ်ကွင်းဆိုရင် မန်စီးတီး၊ အာဆင်နယ်၊ လီဗာပူးလ်တို့လို အသင်းတွေတောင် ခံကစားလေ့ရှိတဲ့ ဘရန့်ဖို့ဒ်အသင်းဟာ ဦးဆောင်ဂိုးပေးရပေမဲ့ အထည်ကြီးပျက်လိုဖြစ်နေတဲ့ ယူနိုက်တက်ကို ရှိန်မနေဘဲ တည်ငြိမ်မှုအပြည့်နဲ့ ရင်ဆိုင်ခဲ့တာကြောင့် ၂၇ မိနစ်မှာပဲ ချေပဂိုးပြန်ရခဲ့ပြီး လုခ်ရှောက ကိုယ့်ဂိုးကိုယ်ပြန်သွင်းခဲ့ပါတယ်။

အဲဒီနောက် ၃၃ နဲ့ ၇၀ မိနစ်တွေမှာ ရှာဒါ၊ ၇၄ မိနစ်မှာ ဝစ်ဆာတို့က ဂိုးတွေ သွင်းခဲ့လို့ ယူနိုက်တက်အသင်း အဲရစ်တန်ဟက်လက်ထက် ၂၀၂၂ တုန်းကလိုပဲ Gtech Community stadium မှာ နောက်ထပ် အရှက်တကွဲ ရှုံးပွဲနဲ့ရင်ဆိုင်ရဖို့ နီးစပ်ခဲ့ပါတယ်။

ဒါပေမဲ့ ၈၂ မိနစ်မှာ ဂါနာချို၊ နာကျင်အချိန်ပို ၉၅ မိနစ်မှာ ဒဏ်ရာကနေ ပြန်လာတဲ့ ဒီယာလိုတို့က ချေပဂိုးတွေ ပြန် သွင်းခဲ့တာကြောင့် ယူနိုက်တက်တို့ အရှက်တကွဲ မဖြစ်ဘဲ ၄-၃ ဂိုးရလဒ်နဲ့သာ အရှုံးပေးခဲ့ရပါတယ်။

ယူနိုက်တက်အသင်းဟာ ဒတ်ချ်နည်းပြကြီး ဗန်ဟားလ်လက်ထက် ၂၀၁၅ အောက်တိုဘာနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ပရီးမီးယားလိဂ် ၆ ပွဲဆက်တိုက် နိုင်ပွဲပျောက်ခဲ့သလို လန်ဒန်ကလပ်တွေနဲ့ဆုံတွေ့တဲ့ ပရီးမီးယားလိဂ်အဝေးကွင်း နောက်ဆုံး ၂၂ ပွဲမှာလည်း ၃ ပွဲသာ အနိုင်ရပြီး ၅ ပွဲသရေ၊ ၁၄ ပွဲအထိ ရှုံးနိမ့်ခဲ့ပါတယ်။

အခုရှုံးပွဲကြောင့် ယူနိုက်တက်အသင်းဟာ လက်ကျန် ၃ ပွဲစလုံး အနိုင်ရရင်တောင် အမှတ် ၅၀ ပြည့်မှာ မဟုတ်တော့လို့ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ရမှတ်အနည်းဆုံးရာသီအဖြစ် စံချိန်ဆိုးပိုင်ဆိုင်ဖို့ သေချာသွားပါပြီ။