မန်ယူနဲ့ စပါးတို့ ဖိုင်နယ်တက်ဖို့ များနေချိန်ကျမှ UEFA စည်းမျဉ်းပြောင်းဖို့ တိုက်တွန်းနေတဲ့ အာဆင်ဝင်းဂါး

မန်ချက်စတာယူနိုက်တက်နဲ့ တော့တင်ဟမ်ဟော့စပါးတို့ရဲ့ ယူရိုပါလိဂ် ဗိုလ်လုပွဲ ဖြစ်ဖို့ များနေချိန်မှာ အာဆင်နယ် ဂန္တဝင် နည်းပြကြီး အာဆင်ဝင်းဂါးက UEFA ကို ချန်ပီယံလိဂ် ဝင်ခွင့်စည်းမျဉ်းနဲ့ပတ်သက်ပြီး ပြန်လည်သုံးသပ်ဖို့ တောင်းဆိုခဲ့ပါတယ်။

၂၀၂၅ ယူရိုပါလိဂ် ဗိုလ်လုပွဲဟာ အင်္ဂလိပ်အသင်း ၂ သင်းကြား တိုက်ပွဲဖြစ်လာဖို့များနေပြီး မန်ယူနိုက်တက်နဲ့ စပါးစ်တို့ ၂ သင်းစလုံးက အမှတ်ပေးဇယား အောက်ပိုင်းမှာ ရပ်တည်နေကြတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်က ဆီမီးဖိုင်မယ် ပထမအကျော့ပွဲမှာ အက်သလက်တစ် ဘီလ်ဘာအို အိမ်ကွင်းမှာ ၃ ဂိုးပြတ် အနိုင်ရခဲ့သလို စပါးစ်ကလည်း ဘိုဒိုဂလင့်ကို ၃-၁ နဲ့ အနိုင်ရခဲ့ပြီး မေလ ၂၄ ရက်နေ့ ဗိုလ်လုပွဲကစားမယ့် ၂ သင်းက သိသာ ထင်ရှားနေခဲ့တာဖြစ်ပါတယ်။

ယူရိုပါလိဂ်ချန်ပီယံဖြစ်တဲ့အသင်းဟာ နောက်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့် အလိုအလျောက်ရရှိမှာဖြစ်ပြီး အာဆင်ဝင်းဂါးက UEFA ရဲ့ အဲဒီစည်းမျဉ်းနဲ့ပတ်သက်ပြီး သဘောမတူဖြစ်နေတာဖြစ်ပါတယ်။

၂၀၁၄ ခုနှစ်ကတည်းက ယူရိုပါလိဂ်ချန်ပီယံတွေဟာ ချန်ပီယံလိဂ်တိုက်ရိုက်ဝင်ခွင့် ပေးအပ်ခြင်းခံခဲ့ရတာဖြစ်ပေမယ့် အာဆင်ဝင်းဂါးက အခုအချိန်ကျမှ အဲဒီပုံစံက မမှန်ဘူးလို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

UEFA ရဲ့ စည်းမျဉ်းအရ အဆင့် ၁၅၊ ၁၆ နေရာမှာ အသီးသီး ရပ်တည်နေကြတဲ့ မန်ယူနိုက်တက်နဲ့ စပါးစ်တို့ထဲက တသင်းက လာမယ့်ရာသီ ချန်ပီယံလိဂ်မှာ ပြန်လည်ပါဝင်ခွင့်ရရှိမှာဖြစ်ပါတယ်။

ယူရိုပါလိဂ်ရတဲ့အသင်းက နောက်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရတာက မှန်ကန်တဲ့အရာလားလို့ မေးမြန်းခဲ့ရာမှာ အာဆင်ဝင်းဂါးက –

“မမှန်ပါဘူး။ သူတို့တွေ နောက်ထပ်တကြိမ် ယူရိုပါလိဂ်မှာပဲ အလိုအလျောက်ဝင်ခွင့်ရသင့်ပါတယ်။ ချန်ပီယံလိဂ် ဝင်ခွင့် ပေးစရာမလိုပါဘူး။ အထူးသဖြင့် ခင်ဗျားက ၅ သင်းဝင်ခွင့်ရထားတဲ့ ပရီးမီးယားလိဂ်မှာ ကစားနေတဲ့အခါမှာပေါ့။

ဒါက UEFA အနေနဲ့ ပြန်စဉ်းစားပြီး သုံးသပ်သင့်တဲ့ကိစ္စလို့ ထင်တယ်။ တခြားတဖက်မှာလည်း လူတွေက ယူရိုပါလိဂ်ပြိုင်ပွဲကို ဆက်ပြီး စိတ်ဝင်စားအောင်၊ ကစားရတာ စိတ်ပါအောင်၊ အာရုံစိုက်အောင် ဆုအနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ပေးသင့်တယ်လို့ ပြောကြမှာပါ။”လို့ ပြောဆိုခဲ့ပါတယ်။

အက်သလက်တစ် ဘီလ်ဘာအို အိမ်ကွင်း ဆမ် မားမိစ်မှာ ဒီရာသီ ယူရိုပါလိဂ် ဗိုလ်လုပွဲကို ကျင်းပသွားမှာဖြစ်ပေမယ့် အင်္ဂလိပ်ကလပ်အသင်း ၂ သင်းတွေ့မှာဖြစ်တာကြောင့် ပရိသတ်တွေအတွက် သွားရေးလာရေး အဆင်ပိုပြေမယ့် ကွင်းမှာ ပြောင်းလဲ ကျင်းပသင့်တယ်လို့ ပရိသတ်အများစုက ပြောဆိုနေကြပါတယ်။