ယူနိုက်တက်ကို အမြန်ဆုံး မပြောင်းလဲနိုင်ရင် သူ နှုတ်ထွက်တော့မယ် လို့ ထုတ်ပြောလာတဲ့ နည်းပြ အမော်ရင်

မန်ချက်စတာယူနိုက်တက်နည်းပြ အမော်ရင်က အသင်းရဲ့စိတ်ပျက်စရာခြေစွမ်းကို အမြန်ဆုံး မပြင်ဆင်နိုင်ဘူးဆိုရင် နည်းပြရာထူးကနေ နုတ်ထွက်ဖို့ ပြင်ဆင်သွားမှာဖြစ်တယ်လို့ ဖွင့်ဟပြောဆိုခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ ဝက်စ်ဟမ်းကို အိုးလ်ထရက်ဖို့ဒ်မှာ ၂-၀ ဂိုးပြတ်ရှုံးနိမ့်ခဲ့တာကြောင့် ဒီရာသီ ပရီးမီးယားလိဂ်မှာ ၁၇ ပွဲမြောက် ရှုံးပွဲနဲ့ရင်ဆိုင်ခဲ့ရပြီး ၅၁ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် အမှတ်ပေးပြိုင်ပွဲတစ်ရာသီအတွင်း ၁၇ ပွဲအထိရှုံးခဲ့တာဖြစ်သလို ၁၉၉၂ နောက်ပိုင်း ပရီးမီးယားလိဂ်မှာ ၇ ပွဲဆက်တိုက် နိုင်ပွဲပျောက်ခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ ယူရိုပါလိဂ်ပြိုင်ပွဲမှာ ဗိုလ်လုပွဲအဆင့်တက်ရောက်ထားပေမဲ့ ပရီးမီးယားလိဂ်မှာတော့ စိတ်ပျက်စရာကောင်းလောက်အောင် ရလဒ်နဲ့ခြေစွမ်းတွေ ဆိုးရွားနေပြီး ၃၉ မှတ်နဲ့ အဆင့် ၁၆ နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

ဝက်စ်ဟမ်းနဲ့ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ အမော်ရင်က “ကစားသမားတွေနဲ့ပတ်သက်လို့ ကျွန်တော် ဘာမှမပြောချင်ပါဘူး။ ကျွန်တော့်အကြောင်း၊ ယူနိုက်တက်အသင်းရဲ့ အစဉ်အလာတွေနဲ့ပတ်သက်ပြီးတော့ပဲ ပြောချင်ပါတယ် . . ”

“လက်ရှိအနေအထားကို ပြောင်းလဲပစ်ဖို့ လိုအပ်သလို လာမဲ့နွေရာသီကျရင် အသင်းကို တောင့်တင်းမှုရှိဖို့၊ တိုက်ပွဲဝင်စိတ် အပြည့်ရှိတဲ့အသင်းဖြစ်အောင် ပြောင်းလဲဖို့ လိုအပ်နေပါပြီ။ ဒီရာသီလို အဖြစ်မျိုး နောက်နှစ်မှာ ထပ်ဖြစ်လို့ မရတော့ပါဘူး . .”

“ကျွန်တော်တို့အသင်းဟာ ပြိုင်ဘက်တွေ လေးစားကြောက်ရွံ့ရတဲ့အနေအထားမှာ မရှိတော့ပါဘူး။ အဲဒီအတွက် ကစားသမားတွေမှာ တာဝန်မရှိဘဲ ကျွန်တော့်မှာ တာဝန်ရှိပါတယ်။ လက်ရှိအခြေအနေကို အမြန်ဆုံး မပြင်ဆင်နိုင်ရင် တခြားနည်းပြတစ်ဦးဆီ ကျွန်တော့်တာဝန်တွေ လွှဲပြောင်းပေးသွားမှာပါ”လို့ ပြောကြားခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်အိမ်ကွင်းမှာ ၉ ပွဲမြောက်ရှုံးနိမ့်ခဲ့တာကြောင့် ၁၉၃၀-၃၁၊ ၁၉၃၃-၃၄၊ ၁၉၆၂-၆၃ ရာသီတွေတုန်းက တစ်ရာသီအတွင်း အိမ်ကွင်းရှုံးပွဲအများဆုံး မှတ်တမ်းဆိုးကို ပြန်လည်ပိုင်ဆိုင်ခဲ့ရပါပြီ။