ယူရိုပါလိဂ် ချန်ပီယံဖြစ်ရင်တောင် အမိုးဖွင့်ကားနဲ့လှည့်လည် အောင်ပွဲခံမှာမဟုတ်တဲ့ မန်ယူနိုက်တက်
မန်ချက်စတာ ယူနိုက်တက် အသင်းသားတွေဟာ မေလ ၂၁ ရက်နေ့ တော့တင်ဟမ်ဟော့ စပါးနဲ့ ကစားရမယ့် ယူရိုပါလိဂ် ဗိုလ်လုပွဲမှာ အနိုင်ရခဲ့မယ် ဆိုရင် ထုံးတမ်းစဉ်လာအတိုင်း အမိုးဖွင့်ကားနဲ့ လှည့်လည်အောင်ပွဲမခံဘဲ ဘာဘီကျူးလုပ်စားပြီး ပျော်ပွဲရွှင်ပွဲလုပ်သွားမယ်လို့ သိရပါတယ်။
သရဲနီတွေဟာ စိတ်ပျက်စရာ ရာသီနဲ့ ရင်ဆိုင်ခဲ့ရပြီးနောက် ပရီးမီးယားလိဂ် အမှတ်ပေးဇယားအဆင့် ၁၆ နေရာမှာ ရပ်တည်နေတာဖြစ်ပြီး အသင်းသမိုင်းတလျှောက် ရမှတ်အနိမ့်ဆုံးရာသီအဖြစ် အဆုံးသတ်ရတော့မှာဖြစ်ပါတယ်။
ဒါပေမယ့်လည်း ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ တော့တင်ဟမ်ဟော့စပါးကို အနိုင်ယူနိုင်ခဲ့မယ်ဆိုရင်တော့ လာမယ့်နှစ် ချန်ပီယံလိဂ်ပြိုင်ပွဲကို အလိုအလျောက်ဝင်ခွင့်ရရှိသွားမှာဖြစ်ပါတယ်။
ဖေဖော်ဝါရီလအစပိုင်းကတည်းက အမှတ်ပေးဇယားအောက်ဆုံးက လက်စတာနဲ့ အစ်ပ်ဆွစ်ချ်တောင်းတို့ကိုသာ အနိုင်ယူနိုင်ခဲ့တာဖြစ်ပြီး မန်ယူနိုက်တက်ရဲ့ ငွေကြေးအင်အားနဲ့ သမိုင်းကြောင်းအရ အရှက်ရစရာဖြစ်ခဲ့တာဖြစ်ပါတယ်။
The Times ရဲ့ဖော်ပြချက်အရ ဒီရာသီမှာ ခေါင်းမဖော်နိုင်ဖြစ်ခဲ့ကြတဲ့ မန်ချက်စတာယူနိုက်တက်ပရိသတ်တွေအနေနဲ့ လာမယ့် ၈ ရက်အတွင်း ယူရိုပါလိဂ်အောင်ပွဲရခဲ့ရင်လည်း အထူးတလည် အောင်ပွဲခံခွင့်ရမှာမဟုတ်ဘူးလို့ သိရပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းဟာ ဘီလ်ဘာအိုမှာ အောင်ပွဲရခဲ့မယ်ဆိုရင် ကာရင်တန်လေ့ကျင့်ရေးစခန်းမှာ ကစားသမားတွေ၊ အသင်းဝန်ထမ်းတွေနဲ့ မိသားစုတွေစုပြီး တိုးတိုးတိတ်တိတ်ပဲ ဘာဘီကျူးစားသောက်ပွဲ ကျင်းပသွားဖို့ စီစဉ်ထားတာဖြစ်ပါတယ်။