မန်ယူက လူသစ် ၁ဝ ယောက်လောက်ထိ လိုနေပြီး မဖြစ်မနေ ခေါ်သင့်တဲ့သူ ၂ ဦးကိုပါ အကြံပေးခဲ့တဲ့ ရိုင်ယန်ဂစ်

မန်ချက်စတာ ယူနိုက်တက် ဂန္တဝင် ရိုင်ယန် ဂစ်က အသင်းဟောင်းအနေနဲ့ ကစားသမားသစ် ၉ ဦး၊ ၁၀ ဦးအထိ လိုအပ်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။

ဒီရာသီ ပရီးမီးယားလိဂ်မှာ မန်ချက်စတာယူနိုက်တက်တို့ ရင်ဆိုင်ခဲ့ရတဲ့ ပြဿနာနဲ့ပတ်သက်ပြီး အသင်းဂန္တဝင် ရိုင်ယန်ဂစ်က ဒီနွေရာသီမှာ အင်အားဖြည့်တင်းဖို့ လိဂ်အတွင်းမှာပဲ ရှာဖွေသွားသင့်တယ်လို့ ယုံကြည်နေပြီး ဒီလက်ပ်နဲ့ ကွန်ညာတို့က အသင်းကို ချက်ချင်း မြှင့်တင်ပေးနိုင်မယ့်ကစားသမားတွေလို့ ခံစားနေရတာဖြစ်ပါတယ်။

“သူတို့ ၂ ယောက်ကိုသာ ရမယ်ဆိုရင် အဲဒါက တိုးတက်မှု ဖြစ်လာပါလိမ့်မယ်။ ကျိန်းသေပေါက်ပဲ။ သူတို့ ၂ ယောက် စလုံးက ပရီးမီးယားလိဂ်မှာ အတွေ့အကြုံရှိကြတာက ကြီးမားတဲ့ အပေါင်းလက္ခဏာပဲ။ မန်ယူနိုက်တက်ရဲ့ ပြည်တွင်းခြေစွမ်းကလည်း ကောင်းသင့်သလောက် ကောင်းတယ်ဆိုတဲ့ အနီးအနားတောင်ရှိမနေဘူး။ အဲဒီတော့ သူတို့က အဲဒါကို လုပ်နိုင်တယ်ဆိုတာ သက်သေပြထားပြီးသား။ ဂိုးတွေ သွင်းယူနိုင်တယ်ဆိုတာကိုပေါ့။

ခင်ဗျား ရာသီကြို အဝတ်လဲခန်းထဲမှာရှိနေတဲ့အချိန် ပိုကောင်းတဲ့ကစားသမားတွေဝင်လာတဲ့အခါမှာ ပရိသတ်တွေကိုတင်သာမကဘဲ ကစားသမားတွေကိုပါ စိတ်ဓာတ်မြှင့်တင်ပေးနိုင်မှာပါ။ အဲဒီတော့ ခင်ဗျား သူတို့ ၂ ယောက်လို ကစားသမား ဝင်လာတာမြင်ရရင် ခင်ဗျားလည်း စိတ် လှုပ်ရှားမိမှာပဲ။ ဘာလို့လဲဆိုတော့ အဲဒါက တိုးတက်မှု ဖြစ်ပြီး သူတို့က ကစားသမားကောင်းတွေမို့လို့ပါ။”

အိုနာနာရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး မေးခွန်းထုတ်မှုတွေရှိနေချိန်မှာ နောက်ခံတောင်ပံနေရာ အင်အားဖြည့်တင်းမှု၊ ကွင်းလယ်အင်အားဖြည့်တင်းမှုနဲ့ တိုက်စစ် အင်အားဖြည့်တင်းမှုတို့ ပြုလုပ်နိုင်ခြေရှိနေပြီး အမိုရင်က သူ့ရဲ့ ကစားကွက်နဲ့ အံဝင်မယ့်အသင်းကို တည်ဆောက်ချင်နေတာကြောင့် ဒီနွေရာသီမှာ ကြီးမားတဲ့ အပြောင်းအလဲတွေ ဖြစ်လာနိုင်ပါတယ်။

ရိုင်ယန် ဂစ်က မန်ချက်စတာယူနိုက်တက်အနေနဲ့ ကစားသမားသစ် ၁၀ ယောက်လောက်လိုမယ်ဆိုတဲ့ ပရိသတ်တွေ ပြောဆိုမှုကို သဘောတူညီခဲ့ပေမယ့် လက်ရှိမှာ အဆိုးဆုံးဖြစ်နေတာက တိုက်စစ်မှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

“ကျွန်တော်တို့ ကစားသမား ၉ ယောက်၊ ၁၀ ယောက်လောက်လိုပေမယ့် ဒီနွေရာသီမှာ အကုန်ခေါ်နိုင်မှာမဟုတ်ပါဘူး။ ဒါက ပြဿနာပဲ။ အပြောင်းအရွှေ့ဈေးကွက်မှာ ရတဲ့အချိန်လောက်နဲ့ အမိုရင်က အဲဒီလို ကစားသမားတွေကို ခေါ်ဖို့ လုံလောက်ပါ့မလား။

ကျွန်တော်တို့ တိုက်စစ်မှူးတွေလိုတယ်။ မန်ယူနိုက်တက်မှာ တိုက်စစ်မှုးစစ်စစ်လို့ အသိအမှတ်ပြုခံထားရတဲ့သူတယောက်ပဲ ရှိတယ်ဆိုတာက ဟာသပဲ။ အရင်တုန်းကဆို ကျွန်တော်တို့မှာ ၃ ယောက်၊ ၄ ယောက်လောက်ရှိခဲ့တာပါ။ ၃ ယောက်၊ ၄ ယောက်ဆိုတာလည်း အရေအတွက်ကို ပြောတာမဟုတ်ဘူး။ ထိပ်တန်းအရည်အသွေးရှိတဲ့ ၃ ယောက်၊ ၄ ယောက်ရှိတာကို ပြောတာပါ။

အဲဒီတော့ တစ်ယောက် ဒဏိရာရသွားလို့ ပုံမှန်ခြေစွမ်းပျောက်ဆုံးသွားရင် နောက်တယောက် ကွင်းထဲဝင်လာတယ်။ တိုက်စစ်မှူး ၂ ယောက်စလုံးက ပုံမှန်ခြေစွမ်းရှိနေတယ်ဆိုရင် သူတို့အချင်းချင်း ကွင်းထဲမှာ အပြိုင်အဆိုင် ကစားပြကြတယ်။ အဲဒါက win-win အခြေအနေပါ။ ဒါမျိုးဖြစ်ဖို့ အချိန်ယူရမှာပါ။ ဒါက ခေတ်သစ်ဘောလုံးပဲ။ ခင်ဗျား အဲဒါကို နားမလည်တာလား”လို့ ပြောကြားခဲ့ပါတယ်။