မန်ယူ တိုက်စစ်သမား ၃ ယောက်ကို ရောင်းပစ်လို့ အပြတ်ပြောလိုက်တဲ့ သရဲနီဟောင်းကြီး ရွိုင်ကိန်း

မန်ချက်စတာယူနိုက်တက်ဂန္တဝင် ရွိင်ကိန်းက ချဲလ်ဆီးကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အပြီးမှာ ဟွိုင်လန်း၊ ကော်ဘီ မိန်းနူးနဲ့ ဂါနာချိုတို့ကို အသင်းမှာ ဆက်လက် မထိန်းသိမ်းထားဖို့ ပြောဆိုခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ သောကြာနေ့ည စတမ်းဖို့ဘရစ်ဂျ်မှာ ဒီရာသီ ၁၈ ပွဲမြောက် ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး လာမယ့် ဗုဒ္ဓဟူးနေ့မှာ စပါးစ်နဲ့ ယူရိုပါလိဂ် ဗိုလ်လုပွဲကစားသွားဖို့ ပြင်ဆင်နေချိန်မှာ နောက်ထပ် ရှုံးပွဲထပ်တွေ့ခဲ့တာဖြစ်ပါတယ်။

ရူဘင် အမိုရင်ရဲ့အသင်းဟာ နောက်ထပ်တကြိမ် တိုက်စစ်မှာ အသက်မဲ့နေခဲ့ပြီး ဟာရီ မက်ဂွိုင်းယားကမှ ဂိုးပေါက်ရှေ့မှာ ခြိမ်းခြောက်နိုင်စွမ်းရှိခဲ့ပြီး သူ့ရဲ့ ပထမပိုင်း သွင်းဂိုးက လူကျွံဘောအဖြစ် ပယ်ဖျက်ခံခဲ့ရတာဖြစ်ပါတယ်။

ဟွိုင်လန်းဟာ နောက်ထပ်တကြိမ် ဆိုးရွားတဲ့ ဘောလုံးကိုင် ကစားနိုင်စွမ်းကို ပြသခဲ့ပြီး ဘောလုံးတောင် မထိန်းနိုင်ခဲ့တဲ့အထိ စိတ်ပျက်စရာကောင်းခဲ့တာဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းက အဓိကပွဲထွက်တိုက်စစ်မှူး နီကိုးလတ်စ် ဂျက်ဆင် ပွဲပယ်ခံထားရတာကြောင့် အကယ်ဒမီ လူငယ် ကစားသမား တိုင်ရစ် ဂျော့ဂျ်ကို တိုက်စစ်မှာ ဦးဆောင်စေခဲ့တာဖြစ်ပါတယ်။

“သူတို့မှာ တိုက်စစ်မှူးတောင် မရှိဘူး။ ဟွိုင်လန်းက ချဲလ်ဆီးအတွက် ကလေးတယောက်လိုဖြစ်နေခဲ့တယ်။ သူ့ပုံစံက အကယ်ဒမီကနေ ကွင်းထဲ တန်းဝင်လာတဲ့ပုံစံပေါက်နေတယ်။ သူ့ရဲ့ ပြေးလွှားမှုတွေက မမှန်ကန်ခဲ့ဘူး။ သူ့ရဲ့ ဘောလုံးကိုင် ကစားပုံ၊ ချိန်သားကိုက်မှုတွေလည်း မမှန်ကန်ခဲ့ဘူး။

သူက မန်ချက်စတာယူနိုက်တက်အတွက် ကစားပေးနေတဲ့ တိုက်စစ်မှူးဖြစ်ပြီး ဂိုးကန်ချက် တကြိမ်လောက်ရရင်တောင်မှ ကျွန်တော်တို့က သူ ယုံကြည်မှု ပိုပြီးလိုအပ်တယ်ဆိုပြီး ဖာထေးပေးလို့ရသေးတယ်။ ခင်ဗျားက တိုက်စစ်မှူးတယောက်ဖြစ်နေတဲ့အခါမှာ တခါတလေတော့ မဖြစ်ဖြစ်အောင် လုပ်ရမှာပဲ။

မန်ယူနိုက်တက်လို အသင်းကြီးမှာ ကစားခဲ့တဲ့ တိုက်စစ်မှုးတွေအားလုံးက သူတို့နည်း သူတို့ဟန်နဲ့ ဂိုးရအောင် လုပ်နိုင်ခဲ့ကြတယ်။ ဘာလို့လဲဆိုတော့ သူတို့မှာ အရည်အသွေးရှိလို့၊ ဂိုးသွင်းချင်တဲ့ စိတ်ဆန္ဒရှိလို့၊ စိတ်ပိုင်းဖြတ်မှုရှိလို့၊ အတွေ့အကြုံအနည်းငယ်နဲ့ ဘောလုံးဉာဏ်ရှိလို့ပါ။

ဟွိုင်လန်းမှာ အဲဒါမျိုး မမြင်ရဘူး။ သူ အားပေးထောက်ခံမှု နည်းနည်းလိုအပ်ပေမယ့် ပိုကောင်းအောင် လုပ်ဖို့ လိုတယ်။” လို့ ၎င်းက ပြောဆိုခဲ့တာပါ။

ဟွိုင်လန်း၊ မိန်းနူးနဲ့ ဂါနာချိုတို့က မန်ချက်စတာယူနိုက်တက်က ထိန်းသိမ်းထားသင့်တဲ့ ကစားသမားတွေလားလို့ မေးမြန်းခဲ့ရာမှာ ရွိုင်ကိန်းက “မဟုတ်ဘူး၊ ကျွန်တော်ဆိုရင် ထိန်းသိမ်းထားမှာမဟုတ်ဘူး။ မန်ယူနိုက်တက်ကို တနေရာရာရောက်အောင် သူတို့ ၃ ယောက်ကို အားကိုးမှာမဟုတ်ဘူး။

မိန်းနူး ဒီညဝင်ကစားတာ ကျွန်တော် ကြည့်နေခဲ့တယ်။ သူ ကွင်းထဲ ပတ်ပြေးနေပြီး သူ့ရဲ့ ပေးပို့မှုအချို့ကလည်း တလွဲတချော်တွေပါ။ ဂါနာချိုကျ မရင့်ကျက်ဘူး။ သူ သေးငယ်တဲ့ အခိုက်အတန့်ပဲ ကစားခဲ့တယ်ဆိုပေမယ့် လုံလောက်အောင် မလုပ်နိုင်ခဲ့ဘူး။

ခင်ဗျားအနေနဲ့ အပတ်တိုင်း ခြေပေါ်တဲ့ကစားသမားမျိုး လိုချင်မှာဖြစ်ပြီး သူက အဲဒီလို မလုပ်နိုင်ဘူး။ သူက ကြီးမားတဲ့ အရည်အချင်းရှိတယ်။ ကောင်းမွန်တဲ့ ပြေးလွှားမှုအချို့ ပြုလုပ်နိုင်တယ်။ ကောင်းမွန်တဲ့နေ့တွေမှာဆို အဲဒါတွေကို ခင်ဗျား မြင်ရလိမ့်မယ်။ ဒါပေမယ့် သူက ဆိုးရွားတဲ့နေ့က ပိုများနေတယ်။”လို့ ပြောဆိုခဲ့ပါတယ်။