ယူရိုပါလိဂ်ချန်ပီယံ ဖြစ်ရင်တောင် ယူနိုက်တက်က ဘတ်စ်ကားနဲ့ အောင်ပွဲမခံတော့မယ့် အဓိက အကြောင်းအရင်း

မန်ချက်စတာ ယူနိုက်တက်ဟာ ယူရိုပါလိဂ်ချန်ပီယံဖြစ်လျှင်လည်း အမိုးဖွင့်ဘတ်စ်ကားဖြင့် အောင်ပွဲခံလာမှာ မဟုတ်ပါဘူး။

ယူနိုက်တက်ရဲ့ အမိုးဖွင့်ဘတ်စ်ကားဖြင့် အောင်ပွဲမခံမဲ့ ဆုံးဖြတ်ချက် နောက်ကွယ်က အကြောင်းရင်းက ဘာပါလဲ?

ယူနိုက်တက်ဟာ ဒီရာသီမှာ အလုပ်ဆုံးရှုံးသွားရတဲ့ ရာပေါင်းများစွာသော ဝန်ထမ်းတွေကို လေးစားသမုရှိသောအားဖြင့် အမိုးဖွင့်ဘတ်စ်ကားဖြင့် အောင်ပွဲမခံရန် ဆုံးဖြတ်လာတာ ဖြစ်ပါတယ်။

ယူနိုက်တက်ကစားသမားများနှင့် ကလပ်ဟာ ဗုဒ္ဒဟူးနေ့ည ဘီလ်ဘာအိုမှာ စပါးစ်ကို အနိုင်ရပြီး ယူရိုပါလိဂ်ချန်ပီယံဖြစ်လျှင်လည်း အမိုးဖွင့်ဘတ်စ်ကားဖြင့် အောင်ပွဲမခံရန် သဘောတူညီထားပါတယ်။

၎င်းတို့ဟာ ယခုရာသီအတွင်းမှာ အသုံးစရိတ်လျှော့ချတဲ့အနေဖြင့် အလုပ်ထုတ်ခံရခြင်း၊ ဖယ်ရှားခြင်းခံရခြင်းပြုလုပ်ခံခဲ့ရတဲ့ ရာပေါင်းများစွာသော ဝန်ထမ်းများကို ငဲ့ညှာသောအားဖြင့် ယင်းသို့ ဆုံးဖြတ်လာတာပါ။ ဒါ့အပြင် ၎င်းတို့ဟာ ယခုရာသီ ပရီးမီးယားလိဂ်မှာ ရလဒ်အကြီးအကျယ်ဆိုးရွားမှုကြောင့်လည်း ယင်းသို့ ဆုံးဖြတ်ချက်ချခဲ့တာလည်း ဖြစ်ပါတယ်။

ယူနိုက်တက်အတွင်းလူတစ်ဦးက “ကစားသမားတွေဟာ ယူရိုပါလိဂ်ဖလား အရမ်းလိုချင်နေကြတယ်။ ဘာကြောင့်လည်းဆိုတော့ အရမ်းဆိုးရွားတဲ့ ရာသီကြုံနေရတော့ အောင်မြင်မှုတချို့ အရမ်း လိုချင်နေကြတယ်။ သူတို့ အနိုင်ရရင် ကွင်းထဲမှာ အောင်ပွဲခံမယ်။ ဒါပဲ လုပ်လာမယ်။

ကလပ်တာဝန်ရှိသူတွေကလည်း ဒီရာသီ အလုပ်ဆုံးရှုံးလိုက်ရတဲ့ ရာပေါင်းများစွာသော လုပ်ဖော်ကိုင်ဖက်တွေအတွက် ဒီလိုလုပ်တာ အသင့်တော်ဆုံးထင်မြင်ကြတယ်။ အမိုးဖွင့်ဘတ်စ်ကားနဲ့ အောင်ပွဲခံတာ လုပ်သင့်တဲ့အရာလို့ မထင်ကြဘူး”လို့ ဆိုသွားပါတယ်။

ယူနိုက်တက်ဟာ နွေရာသီတုန်းက အသုံးစရိတ်လျှော့ချတဲ့အနေဖြင့် ဝန်ထမ်း ၂၅၀ တို့အား ဖယ်ရှားခဲ့ပြီးဖြစ်သလို ဝန်ထမ်း ၁၅၀ မှ ၂၀၀ အတွင်းကိုလည်း ထပ်မံ ဖယ်ရှားလာဦးမှာ ဖြစ်ပါတယ်။

ဒါ့အပြင် စပါးစ်ကို ရှုံးနိမ့်ပါက ယူနိုက်တက်ဟာ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိလာမှာ မဟုတ်လို့ ဝင်ငွေ ပေါင်သန်း ၁၀၀ အထိ နစ်နာလာပါမယ်။

တကယ်လို့များ ဘီလ်ဘာအိုမှာ စပါးစ်ကို အရေးနိမ့်လျှင်လည်း ယူနိုက်တက်ဟာ နောက်ထပ် ဝန်ထမ်းတွေ လျှော့ချလာဖို့ ရှိနေပါသေးတယ်။

တဖက်တွင် ယူနိုက်တက်ဟာ ကစားသမားများကို ဗိုလ်လုပွဲ လက်မှတ် ၂ စောင်စီသာပေးခြင်း၊ ဝန်ထမ်းများကို အခမဲ့လက်မှတ်မပေးခြင်း ပြုလုပ်ပြီး လက်မှတ်ခွဲတမ်း ၁၅၀၀၀ မှ အများစုကို ရောင်းချထားပါတယ်။

ယူနိုက်တက်နည်းပြအေမိုရမ်ကတော့ သူ့နည်းပြအဖွဲ့ဝင် ၃၀ ဦးတို့ရဲ့ မိသားစုဝင်များ ဗိုလ်လုပွဲ ကြည့်နိုင်ရေး ငွေကြေးစိုက်ထုတ်ပေးထားပါတယ်။ စပို့တင်းလစ္စဘွန်းနည်းပြဟောင်းဟာ နည်းပြအဖွဲ့ဝင်တစ်ဦးချင်းစီရဲ့ မိသားစုဝင် (သို့မဟုတ်) သူငယ်ချင်း ၂ ဦးစီရဲ့ ကုန်ကျစရိတ်အား ကျခံပေးထားပါတယ်။