ဒီည ယူရိုပါလိဂ် ဗိုလ်လုပွဲမှာ မှတ်တမ်းကောင်း ရသွားမှာက ယူနိုက်တက်လား စပါးလား ..

ပရီးမီးယားလိဂ်နှစ်သင်းဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်နဲ့စပါးအသင်းတို့ဟာ ယူရိုပါလိဂ်ဗိုလ်လုပွဲအဖြစ် ဒီနေ့ ဗုဒ္ဓဟူးနေ့ ည ကျရင် ဘီလ်ဘာအိုကွင်းမှာ အကြိတ်အနယ်ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပါတယ်။

နှစ်သင်းစလုံးက ဒီရာသီ ပရီးမီးယားလိဂ်မှာ ဆိုးဆိုးရွားရွား ရုန်းကန်နေရပြီး ယူနိုက်တက်က အဆင့် ၁၆ ၊ စပါးအသင်းက အဆင့် ၁၇ နေရာတွေမှာ ရပ်တည်နေလို့ ဆုဖလားအောင်မြင်မှုနဲ့ ရာသီသိမ်းနိုင်အောင် ယူရိုပါလိဂ်ဖလား ရယူဖို့ အသည်းအသန် ကြိုးစားကြမှာပါ။

စပါးအသင်းဟာ ၂၀၀၈ ခုနှစ်တုန်းက လိဂ်ဖလားရပြီးနောက်ပိုင်း ဆုဖလားအောင်မြင်မှုနဲ့ ဝေးကွာနေပေမဲ့ ဒီရာသီမှာ နယူးကာဆယ်အသင်းက ၁၉၆၉ နောက်ပိုင်း ပထမဆုံး ဆုဖလားအဖြစ် လိဂ်ဖလား၊ စီးရီးအေကလပ် ဘိုလော့ဂ်နာအသင်းဟာ ကိုပါအီတာလီယာချန်ပီယံဖြစ်ပြီး ၅၁ နှစ်ကြာ ဖလားလက်မဲ့မှတ်တမ်းဆိုးကို အဆုံးသတ်နိုင်ခဲ့သလို ခရစ္စတယ်ပဲလေ့စ်အသင်းကလည်း အသင်းသမိုင်းတစ်လျှောက် ပထမဆုံး FA ဖလားတွေ ရယူနိုင်ခဲ့တာကြောင့် အဲဒီအသင်းတွေလိုပဲ စွမ်းဆောင်ပြဖို့ စပါးအသင်းမှာ မျှော်လင့်ချက်ရှိနေပါတယ်။

စပါးအသင်းဟာ ၁၉၇၁၊ ၁၉၈၄ ခုနှစ်တွေမှာ UEFA ဖလားဆွတ်ခူးခဲ့ပြီး အခု တတိယအကြိမ်မြောက် ချန်ပီယံဖြစ်အောင် ကြိုးစားရမှာပါ။

အမော်ရင်ကတော့ သူ့ဆရာဟောင်း မော်ရင်ဟိုနောက်ပိုင်း ယူနိုက်တက်နည်းပြဘ၀ ပွဲဦးထွက်ရာသီမှာ ဥရောပ အဆင့်ပြိုင်ပွဲတစ်ခုရဲ့ ဗိုလ်လုပွဲကို တက်ရောက်နိုင်တဲ့ ဒုတိယမြောက်နည်းပြဖြစ်လာပြီး မော်ရင်ဟိုလိုပဲ ယူနိုက်တက် အသင်းနဲ့အတူ ပထမဆုံးရာသီမှာ ယူရိုပါလိဂ်ဖလားရယူနိုင်ဖို့ မျှော်လင့်ချက်ရှိနေပါပြီ။

မော်ရင်ဟိုဟာ သူ့နည်းပြဘဝမှာ ပထမဆုံး ဥရောပဖလားအောင်မြင်မှုကို အသက် ၄၀ ၃ လ ၂၄ ရက်နဲ့ စတင်ပိုင်ဆိုင်ခဲ့ပြီး အမော်ရင်ကလည်း အဲဒီအချိန်က မော်ရင်ဟိုထက် ၁ ရက်သာ ငယ်ပါတယ်။

ထူးခြားတဲ့တိုက်ဆိုင်မှုက ယူနိုက်တက်အသင်း ယူရိုပါလိဂ်ဖလားရရှိခဲ့တဲ့ ၂၀၁၆-၁၇ ရာသီမှာ မြို့ခံပြိုင်ဘက် မန်စီးတီးအသင်း ဖလားလက်မဲ့ဖြစ်ခဲ့ပြီး ဒီရာသီမှာလည်း မန်စီးတီးတို့ ဖလားအားလုံး လက်လွှတ်ခဲ့ရတာကြောင့် ၂၀၁၆-၁၇ ရာသီကလို ကံကြမ္မာတစ်ပတ်ပြန်လည်လာမလားဆိုတာ စောင့်ကြည့်ရမှာပါ။