ယူနိုက်တက်က သူ့ကို မလိုတော့ရင် နစ်နာကြေး မယူဘဲ ထွက်သွားမယ်လို့ အာမိုရင် ပြောဆို

နည်းပြ ရူဘန် အာမိုရင် က သူ့အသင်း တော့တင်ဟမ်ကို ယူရိုပါလိဂ် ဗိုလ်လုပွဲမှာ နာကျင်စွာနဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် မန်ချက်စတာယူနိုက်တက်အနေနဲ့ သူ့ကို ဆက်မလိုချင်တော့ရင် “နစ်နာကြေးအတွက် စကားပြောဆိုမှု တစုံတစ်ရာ မရှိဘဲ” နုတ်ထွက်မယ်လို့ ပြောပါတယ်။

ညက ဖိုင်နယ်ပွဲမှာ ဘရန်နန် ဂျွန်ဆင် ရဲ့ ပွဲစဉ် ပထမပိုင်းမှာ တလုံးတည်းသော အနိုင်ဂိုးကို အားနည်းနေတဲ့ ယူနိုက်တက်ကတော့ ပြန်တုံ့ပြန်နိုင်ခြင်း မရှိခဲ့ပါဘူး။

၁၉၇၄ က တန်းဆင်းခဲ့ပြီးနောက်ပိုင်း အနိမ့်ဆုံး လိဂ်အဆင့်နဲ့ ရာသီကို အဆုံးသတ်ရမယ့် ကလပ်အတွက် ဒီရှုံးနိမ့်မှုဟာ ဘေးအန္တရာယ်ဆိုးကြီးဖြစ်နေတဲ့ ရာသီကို ပိုဆိုးစေခဲ့ပါတယ်။

ယူနိုက်တက်ဟာ တနင်္ဂနွေနေ့မှာ အက်စတွန်ဗီလာနဲ့ ကစားရမယ့် လိဂ်ပွဲစဉ် တပွဲသာ ကျန်ရှိတော့တဲ့အချိန်မှာ အဆင့် (၁၆) မှာ ရပ်တည်နေတာပါ။

ယူနိုက်တက်မှာ ပရီးမီးယားလိဂ် ခြောက်ပွဲသာ အနိုင်ရခဲ့တဲ့ အာမိုရင်က အိုးထရက်ဖို့ဒ်မှာ အခြေအနေတွေကို ပြောင်းပြန်လှန်နိုင်စွမ်း သူ့မှာ ရှိနေသေးတယ်လို့ ယုံကြည်နေဆဲဖြစ်ကြောင်း ပြောကြားခဲ့ပေမဲ့ သူ့ကို ဆက်မလိုချင်တော့ရင်တော့ ထွက်သွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။

“ဘုတ်အဖွဲ့နဲ့ ပရိသတ်တွေက ကျွန်တော်ဟာ မှန်ကန်တဲ့လူ မဟုတ်ဘူးလို့ ခံစားရရင် နစ်နာကြေးအတွက် ဘာစကားမှ မပြောဘဲ နောက်တရက်မှာပဲ ကျွန်တော် ထွက်သွားပါမယ်” လို့ သူက ပြောပါတယ်။

“ဒါပေမဲ့ ကျွန်တော်ကိုယ်တိုင်တော့ နုတ်ထွက်မှာ မဟုတ်ဘူး။ ကျွန်တော့်အလုပ်အပေါ် တကယ်ပဲ ယုံကြည်မှု ရှိတယ်။ ပြီးတော့ ခင်ဗျားတို့ မြင်တဲ့အတိုင်းပဲ ကျွန်တော် လုပ်ကိုင်တဲ့ပုံစံကို ဘာမှပြောင်းလဲမှာ မဟုတ်ဘူး။”

အာမိုရင်က ကလပ်ရဲ့ အနာဂတ်အကြောင်း ပြောဆိုဖို့ ငြင်းဆိုခဲ့ပြီး ယူနိုက်တက်ဟာ “ဒီပွဲရှုံးနိမ့်ခြင်းရဲ့ ဆုံးရှုံးမှုနဲ့ နာကျင်မှုကို ရင်ဆိုင်ရမယ်” လို့ ပြောပါတယ်။

အာမိုရင် နည်းပြရာထူးကို လွှဲပြောင်းယူခဲ့ချိန်က ယူနိုက်တက်ဟာ ချန်ပီယံလိဂ်ဝင်ခွင့်နေရာတွေနဲ့ နီးစပ်နေခဲ့ပေမဲ့ အခုတော့ အဆင့် (၅) နေရာက ချယ်လ်ဆီးနဲ့ ၂၇ မှတ် ကွာဟနေခဲ့ပြီဖြစ်ပါတယ်။

လာမယ့်ရာသီဟာ သူတို့အတွက် ၂၀၁၄-၁၅ ရာသီနောက်ပိုင်း ဥရောပပြိုင်ပွဲမကစားရမယ့် ပထမဆုံးရာသီ ဖြစ်လာမှာပါ။