အသင်းရှိ ကစားသမား အကုန် အရောင်းစာရင်း တင်ဖို့ စီစဉ်နေတဲ့ မန်ချက်စတာ ယူနိုက်တက်
ဒီရာသီမှာ ဖလားလက်မဲ့ဖြစ်ခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းဟာ အသင်းမှာရှိတဲ့ ကစားသမားတိုင်းကို အရောင်းစာရင်းတင်သွင်းဖို့ စီစဉ်ထားပါတယ်။
ယူနိုက်တက်အသင်းဟာ ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ စပါးအသင်းကို ရှုံးနိမ့်ခဲ့တာကြောင့် ဝင်ငွေထိခိုက်နစ်နာမှုတွေရှိခဲ့ပါတယ်။
ယူနိုက်တက်အသင်းဘုတ်အဖွဲ့က ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ အနိုင်ရပြီး လာမဲ့ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရမယ်ဆိုရင် ပေါင် သန်း ၁၀၀ အထိ ဝင်ငွေရရှိဖို့ မျှော်လင့်ခဲ့ပေမဲ့လည်း အဲဒီမျှော်လင့်ချက်က သဲထဲရေသွန်ဖြစ်သွားပြီးတဲ့နောက် အသင်းရဲ့အဓိက,ကစားသမားတွေကို ရောင်းချသွားဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။
ယူနိုက်တက်အသင်း နာမည်ကျော်ကစားသမားတွေဖြစ်ကြတဲ့ ဘရူနိုဖာနန်ဒက်စ်၊ ကတ်စ်မဲရိုး၊ ကိုဘီမင်နူး၊ လုခ်ရှော၊ မက်ဂွိုင်းယား၊ အိုနာနာ၊ ဂါနာချိုတို့အားလုံးဟာ အခုနွေရာသီအတွင်း ရောင်းထုတ်ခံရဖို့ရှိနေပါပြီ။
ယူနိုက်တက်အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်ကလည်း အသင်းနဲ့ လမ်းခွဲဖို့ရှိတယ်လို့ ယူရိုပါလိဂ်ဗိုလ်လုပွဲအပြီးမှာ အရိပ်အမြွက်ဖွင့်ဟပြောဆိုခဲ့ပါတယ်။
ဘရူနိုဖာနန်ဒက်စ်က “အသင်းက ကျွန်တော့်ကို အလိုမရှိတော့ဘူးလို့ မပြောမချင်း ယူနိုက်တက်မှာ ဆက်ကစားသွားမယ်ဆိုတာ ကျွန်တော် အမြဲပြောခဲ့ပါတယ် . . .”
“တကယ်လို့ ယူနိုက်တက်အသင်းက ငွေကြေးရချင်လို့ပဲဖြစ်ဖြစ် တခြားအကြောင်းကြောင့်ပဲဖြစ်ဖြစ် ကျွန်တော့်ကို ရောင်းချသွားမယ်ဆိုရင်လည်း ဒါက ဘောလုံးလောကမှ ဖြစ်တတ်တဲ့ကိစ္စတွေပါပဲ”လို့ ပြောကြားခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ ဒီရာသီမှာ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် စံချိန်တင် ရမှတ်အနည်းဆုံးအဖြစ် ၃၉ မှတ် သာ ရရှိခဲ့ပြီး အဆင့် ၁၆ နေရာမှာ ရပ်တည်နေတာကြောင့် ၂၀၁၄-၁၅ ရာသီနောက်ပိုင်း ၃၅ နှစ်အတွင်း ဒုတိယအကြိမ်အဖြစ် ဥရောပပြိုင်ပွဲတစ်ခုမှဝင်ခွင့်မရတဲ့ မှတ်တမ်းဆိုး ပြန်လည်ပိုင်ဆိုင်ခဲ့ပါတယ်။