အသင်းသစ် ရှာဖို့ နည်းပြ အေမိုရမ် ကိုယ်တိုင် တိုက်ရိုက် ပြောကြားခံလိုက်ရတဲ့ ယူနိုက်တက် ကြယ်ပွင့်

ယူနိုက်တက် နည်းပြ ရူဘင်အေမိုရမ်ဟာ လာမယ့်ရာသီတွင် ၎င်းမှာ အသင်းနှင့်အတူ ဆက်ရှိနေမှာ ဖြစ်ကြောင်းနှင့် အလီဂျန်ဒရိုဂါနာချိုအား ကလပ်သစ်ရှာဖွေရမှာ ဖြစ်ကြောင်း ပြောကြားလာပါတယ်။

ဖိအားများနှင့် ကြုံနေရတဲ့ အေမိုရမ်ဟာ ယူရိုပါလိဂ်ဗိုလ်လုပွဲတွင် ရှုံးနိမ့်ပြီးနောက် ဘုတ်အဖွဲ့နှင့် ပရိသတ်များကသာ အလိုမရှိပါက နစ်နာကြေး တစုံတရာ မရယူဘဲ ထွက်ခွာမယ်လို့ ပြောဆိုခဲ့သူလည်း ဖြစ်ပါတယ်။

ဒါပေမဲ့ ယူနိုက်တက်ဘုတ်အဖွဲ့ဝင်များဟာ နိုဝင်ဘာလတုန်းက အဲရစ်တန်ဟက်နေရာတွင် အစားထိုးခန့်အပ်ခဲ့တဲ့ ပေါ်တူဂီ လူမျိုးနည်းပြအား ဆက်လက်ထောက်ခံအားပေးမှု ပြုလုပ်ထားကြပါတယ်။

The Athletic ရဲ့ ဖော်ပြလာမှုအရ စနေနေ့တုန်းက ကာရင်တန်လေ့ကျင့်ရေးကွင်းတွင် ရူဘင်အေမိုရမ်ဟာ ကစားသမားများနှင့် တွေ့ဆုံပြီး လာမယ့်ရာသီ သူ့အစီအစဉ်ကို ပြောကြားခဲ့ကြောင်း သိရပါတယ်။

အေမိုရမ်ဟာ ဂါနာချိုကိုလည်း ကလပ်သစ်ရှာဖွေရန် ပြောကြားခဲ့ကြောင်း သိရပါတယ်။ အာဂျင်တီးနားစတားဟာ ယခုရာသီ ယူရိုပါလိဂ်ပွဲ ၁၀ ပွဲအထိ ပွဲထွက်ကစားထားရပေမဲ့လည်း စပါးစ်ကို ၁-၀ ဂိုးဖြင့် ရှုံးနိမ့်တဲ့ပွဲတွင် အရန်ခုံမှာသာ ထိုင်နေခဲ့ရပါတယ်။

ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့် ၁၆ နေရာမှာ ရပ်တည်နေတဲ့ ယူနိုက်တက်ဟာ စပိန်တွင် ရှုံးပွဲကြုံရပြီးနောက် အဆိုးဆုံးရာသီတစ်ခု ပိုင်ဆိုင်လာပါတယ်။

ယင်းပွဲအပြီးတွင် အာဂျင်တီးနားစတားက “လူတိုင်းအတွက် ခက်ခဲနေပါတယ်။ ဒီတစ်ရာသီက သောက်သုံးမကျတဲ့ ရာသီပါ။ အခု ဗိုလ်လုပွဲမှာ ရှုံးပြန်ပြီ။ လိဂ်မှာလည်း ကျုပ်တို့ ဘယ်သူ့ကိုမှ အနိုင်မယူနိုင်ဘူး။ ဒါက အမှန်တရားပါ။ ဗိုလ်လုပွဲမတိုင်ခင်အထိ ကျုပ် ပွဲတိုင်းကစားခဲ့တယ်။ ဒီကနေ့(ဗိုလ်လုပွဲ) မိနစ် ၂၀ ပဲကစားခွင့်ရတယ်။ ဘာကြောင့်လဲ မသိဘူး။ နွေရာသီကို ပျော်ပျော်ကြီး ဖြတ်သန်းမယ်။ ပြီးတော့မှ ဘာဖြစ်လာမလဲ ကြည့်မယ်”လို့ ဆိုသွားပါတယ်။

ဂါနာချိုဟာ ယခုရာသီတွင် ပြိုင်ပွဲအရပ်ရပ်တွင် ၅၉ ပွဲကစားထားသူဖြစ်ပြီး ပွဲအများဆုံးကစားထားတဲ့ ယူနိုက်တက်ကစားသမားအဖြစ် ရပ်တည်နေသူလည်း ဖြစ်ပါတယ်။

၁၁ ဂိုးသွင်းပေးထားနိုင်တဲ့ ဂါနာချိုဟာ ဇန်နဝါရီလတုန်းက ချဲလ်ဆီးရဲ့ စိတ်ဝင်စားခြင်းခံခဲ့ရသူ ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ယူရိုပါလိဂ်ချန်ပီယံမဖြစ်မှုနှင့်အတူ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်မရမှုကြောင့် ဘဏ္ဍာရေးပိုင်းများစွာ ယိမ်းယိုင်လာမှာ ဖြစ်ပြီး ယခုနွေရာသီတွင် ကစားသမားများစွာ ရောင်းချရမဲ့ကိန်းဆိုက်နေပါတယ်။

ယူနိုက်တက်ဟာ အကယ်ဒမီထွက် ကိုဘီမိုင်းနူး၊ အလီဂျန်ဒရိုဂါနာချို၊ မားကပ်စ်ရပ်ဖို့ဒ်တို့အပြင် ဂျာဒွန်ဆန်ချိုနှင့် အန်တိုနီတို့ကို ရောင်းချလာမယ်လို့ သိရပါတယ်။