ယူနိုက်တက် ကစားသမားတွေ ကိုယ်တိုင် အသင်းကမထွက်သွားဖို့ ဝိုင်းတောင်းပန်ခံနေရတဲ့ သရဲနီကြယ်ပွင့်

ဝမ်းနည်းပက်လက်ဖြစ်နေတဲ့ မန်ချက်စတာယူနိုက်တက်အသင်းသားတွေဟာ အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ်ကို အသင်းကို စွန့်ခွာမသွားဖို့ ဝိုင်းတောင်းပန်နေကြတယ်လို့ သိရပါတယ်။

မန်ယူနိုက်တက်အသင်းခေါင်းဆောင်ဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ညက ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ စပါးစ်ကို ရှုံးနိမ့်ခဲ့ပြီးနောက် အခွင့်အရေးအများအပြားကို ဖြုန်းတီးပစ်ခဲ့တဲ့အသင်းကို စိတ်ပျက်လက်ပျက်ဖြစ်နေခဲ့တာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်မှာ မှတ်တမ်းဆိုးတွေ ပိုင်ဆိုင်ခဲ့ပြီးနောက် ယူရိုပါလိဂ်မှာ စပါးစ်ကို အနိုင်ယူပြီး လာမယ့်ရာသီ ချန်ပီယံဝင်ခွင့်နဲ့ ဆုဖလားအောင်မြင်မှု ရယူနိုင်ဖို့ မျှော်လင့်ခဲ့ကြတာဖြစ်ပါတယ်။

ဒါပေမယ့်လည်းည်း ဒီရာသီ တော့တင်ဟမ်ဟော့စပါးကို ၄ ပွဲဆက် ရှုံးနိမ့်ခဲ့တာကြောင့် လာမယ့်ရာသီ ဥရောပပြိုင်ပွဲလုံးဝပါဝင်ကစားခွင့်မရှိတော့တာဖြစ်ပါတယ်။

သောကြာနေ့မှာ ဆာဂျင်မ် ရက်ကလစ်ဖ်က အလွန်အမင်း ကုန်ကျစရိတ်လျှော့ချမှုကို ဆက်လက်ပြုလုပ်ခဲ့တာကြောင့် အသင်းဝန်ထမ်းတွေအနေနဲ့ လက်ရှိထက် အနေအစားကြပ်တော့မယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

သရဲနီတွေဟာ လာမယ့်နွေရာသီမှာ ကစားသမား အားလုံးနီးပါး ရောင်းထုတ်သွားချင်တဲ့ ဆန္ဒရှိနေပြီး အဲဒီထဲမှာ အသင်းခေါင်းဆောင် ဖာနန်ဒက်စ်လည်း အပါအဝင်ဖြစ်ပါတယ်။

ဖာနန်ဒက်စ်ဟာ ဘီလ်ဘာအိုမှာ စိတ်ပျက်စရာစွမ်းဆောင်ရည်ပြသခဲ့တဲ့ အသင်းဖော်တွေနည်းတူ ပုံမှန်ခြေစွမ်းအောာက်ကျဆင်းနေခဲ့ပြီး ပွဲပြီး အင်တာဗျူးမှာ အသင်းကနေ ထွက်တော့မယ့် စကားမျိုး ပြောဆိုခဲ့တာဖြစ်ပါတယ်။

အယ်လ်ဟီလာအသင်းက ပေါ်တူဂီကြယ်ပွင့်အတွက် ပေါင်သန်း ၁၀၀ နဲ့ ကမ်းလှမ်းဖို့ ဆန္ဒ ရှိနေပြီး ဖာနန်ဒက်စ်ကို တပတ်လုပ်ခလစာ ပေါင် ၇ သိန်းအထိ ပေးသွားမယ်လို့ သိရပါတယ်။

The Sun ကို သတင်းရင်းမြစ်တစ်ဦးရဲ့ ပြောကြားချက်အရ ဖာနန်ဒက်စ်အနေနဲ့ ဝေဖန်ခံရနိုင်ပေမယ့် သူ့မှာရှိတဲ့ အရည်အသွေးကို ကစားသမားတွေအားလုံးက သိရှိနေပြီး ပွဲစဉ်အတွင်း တောင်းဆိုမှုတွေ ပြုလုပ်ပေမယ့် အားလုံးက လေးစားတဲ့အကြောင်းနဲ့ ဘယ်လောက်အထိ တန်ဖိုးရှိတဲ့ကစားသမားလဲဆိုတာ အသင်းဖော်တွေက သတင်းစကားပါးခဲ့ကြောင်း၊ ဖာနန်ဒက်စ်သာ ထွက်ခွာခဲ့ရင် အဝတ်လဲခန်းတခုလုံး လဲပြိုသွားလိမ့်မယ်လို့ မန်ယူနိုက်တက်ကစားသမားတွေက ယုံကြည်နေကြောင်း သိရပါတယ်။