ရာသီ သိမ်းပွဲမှာ ပရိသတ်တွေကို တောင်းပန်စကား ဆိုရင်း ကတိပြုစကားလည်း ဆိုခဲ့တဲ့ ရူဘင်အေမိုရမ်

နည်းပြ ရူဘင်အေမိုရမ်ဟာ ဆိုးရွားပြီး စိတ်ပျက်စရာကောင်းတဲ့ ရာသီတစ်ခု ကြုံရပြီးနောက် ယူနိုက်တက်ပရိသတ်များအား တောင်းပန်လာပါတယ်။

ယူနိုက်တက်ဟာ တနင်္ဂနွေနေ့ညတုန်းက အိုးထရက်ဖို့ဒ်ကွင်းတွင် အက်စတွန်ဗီလာကို ၂-၀ ဂိုးဖြင့် အနိုင်ရရှိကာ ပရီးမီးယားလိဂ်ရာသီသိမ်းခဲ့ပါတယ်။ ယူနိုက်တက်အတွက် ဗီလာနိုင်ပွဲမှာ ယခုရာသီ ၁၁ ပွဲမြောက်နိုင်ပွဲလည်း ဖြစ်ပါတယ်။

ပွဲအပြီးတွင် အေမိုရမ်ဟာ မိုက်ခရိုဖုန်းအား ရယူကာ ပရိသတ်များကို တောင်းပန်မှု ပြုလုပ်သွားပြီ ပျော်စရာနေ့များ စောင့်ကြိုနေကြောင်း ကတိပြုလာပါတယ်။

မိုးရွာနေချိန်၊ မျက်နှာသေကြီးဖြင့် ဖြစ်နေတဲ့ ကစားသမားများရဲ့ရှေ့မှာ ပေါ်တူဂီလူမျိုးနည်းပြက “ပထမဆုံးပြောချင်တာက တောင်းပန်ချင်တယ်ဆိုတာပါ။ အသင်းနဲ့ပတ်သက်ပြီး အရမ်းပဲ စိတ်ပျက်ခဲ့ရတယ်။ ဒုတိယပြောချင်တာက ကျေးဇူးတင်ကြောင်း ပြောချင်တယ်။ ဒီရာသီလုံး ခင်ဗျားတို့ အားပေးမှုအတွက် တကယ်ကျေးဇူးတင်တယ်။

ကျွန်တော်တို့ကို ပွဲတွေ အများကြီးအားပေးဖို့ ခက်ခဲတယ်ဆိုတာ သိပါတယ်။ ဒါပေမဲ့ အခု ကျွန်တော်တို့ ရွေးချယ်မှု တစ်ခုလုပ်မလား ဒါမှ မဟုတ် အတိတ်မှာပဲ ပိတ်မိနေမလားဆိုတာ ရွေးရပါတော့မယ်။ ဘာကြောင့်လဲဆိုတော့ ဒီရာသီ ပြီးဆုံးသွားပါပြီ။ အတိတ်မှာကျန်ခဲ့ပါပြီ။ ကျွန်တော်တို့ အချင်းချင်းတိုက်နေမလား ဒါမှ မဟုတ် စုစုစည်းစည်းနဲ့ ရှေ့ဆက်မလားဆိုတာပါ”လို့ ပြောကြားသွားပါတယ်။

ထိုအခါ အိုးထရက်ဖို့ဒ်ကွင်းထဲရောက် ပရိသတ် ၇၄၀၀၀ ကျော်တို့က အော်ဟစ်ကြပါတယ်။

ဆက်လက်ပြီး အေမိုရမ်က “လွန်ခဲ့တဲ့ ခြောက်လတုန်းက ကျုပ် ပထမဆုံး သုံးပွဲမှာ ၂ ပွဲနိုင်၊ တစ်ပွဲသရေကျခဲ့တယ်။ ခင်ဗျားတို့ကို မုန်တိုင်းလာနေပြီလို့ ပြောခဲ့တယ်။ ဒီကနေ့ ဆိုးရွားတဲ့ရာသီ အဆုံးသတ်သွားပြီ။ ခင်ဗျားအားလုံးကို နှုတ်ဆက်ကြောင်း ပြောချင်ပါတယ်”လို့ ဆိုသွားပါတယ်။

ယင်းနောက် အေမိုရမ်က “တကယ်လို့ ကမ္ဘာကြီးမှာ ဘယ်လို ဆိုးရွားတဲ့ အခြေအနေမျိုးကနေ ကုန်းရုန်းထနိုင်ခဲ့တဲ့ တစ်ခုတည်းသော ကလပ်ဆိုကို ပြောပါဆိုရင် ကျွန်တော်တို့ ကလပ်ကိုပဲ ပြောရပါမယ်။ ဒါက မန်ချက်စတာယူနိုက်တက်ဘောလုံးကလပ်ပါ။ အခု ကစားသမားတွေကိုလည်း စိတ်မကောင်းကြောင်း ပြောချင်ပါတယ်။ တခါတလေ ကျွန်တော့်ဘက်က မမျှတဘူး။ ဒါပေမဲ့ မင်းတို့နဲ့ အရိုးသားဆုံးဖြစ်အောင်တော့ အမြဲကြိုးစားတယ်။ အရမ်းကျေးဇူးတင်တယ်။ နောက်ရာသီကျရင် တွေ့ကြမယ်”လို့ ပြောကြားသွားပါတယ်။

ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်အား ရမှတ် ၄၂ မှတ်တည်းဖြင့် အဆင့် ၁၅ ဖြင့် အဆုံးသတ်ခဲ့ကာ ပရီးမီးယားလိဂ်သမိုင်းတွင် ကလပ်ရဲ့အဆိုးဆုံးမှတ်တမ်းဝင်သွားခဲ့ပါတယ်။