ယူနိုက်တက်နဲ့ သဘောတူညီမှု ရရှိသွားပြီဖြစ်ပြီး ကျောနံပါတ်ကောင်းကို ယူလိုက်ပြီ ဖြစ်တဲ့ ကွန်ညာ
မားသီးယပ်စ် ကွန်ညာဟာ ယူနိုက်တက်သို့ ငါးနှစ်စာချုပ်ဖြင့် ပြောင်းရွှေ့ရန် သဘောတူညီမှု ရရှိသွားပြီ ဖြစ်ပြီး မားကပ်စ်ရက်ဖို့ဒ်ရဲ့ ကျောနံပါတ် ၁၀ ကို ဝတ်ဆင်သွားမှာ ဖြစ်ကြောင်း သိရပါတယ်။
အသက် ၂၅ နှစ်ရှိ ဝုဗ်နှင့် ဘရာဇီးစတားဟာ ၂၀၂၄-၂၅ ရာသီတွင် ဝုဗ်မှာ ခြေစွမ်းပြကစားနိုင်ခဲ့ပြီးနောက် ရူဘင်အေမိုရမ်ရဲ့ နွေရာသီအပြောင်းအရွှေ့အဓိကပစ်မှတ်များထဲမှ တစ်ဦးဖြစ်ပါတယ်။
ကွန်ညာဟာ ယခုရာသီတွင် ၃၆ ပွဲကစားထားရာမှာ ၁၇ ဂိုးသွင်းယူပြီး ၆ ကြိမ်ဖန်တီးမှု ပြုလုပ်ထားနိုင်ခဲ့ပါတယ်။
သူဟာ ရာသီအစတုန်းက အခြေအနေဆိုးရွားခဲ့တဲ့ ဝုဗ်ကို တန်းမဆင်းရအောင် အဓိကနေရာမှ ကူညီခဲ့သူလည်း ဖြစ်ပါတယ်။
ယခုအခါမှာတော့ အက်သလက်တီကိုစတားဟောင်းဟာ နွေရာသီတွင် အသင်းကို အကြီးအကျယ်ပြောင်းလဲလာမဲ့ ရူဘင်အေမိုရမ်ရဲ့ နွေရာသီ ပထမဆုံးခေါ်ယူမှု ဖြစ်လာတော့မှာ ဖြစ်ပါတယ်။
ယူနိုက်တက်ဟာ ကွန်ညာအား ခေါ်ယူရန် စာချုပ်ဖျက်သိမ်းကြေး ပေါင် ၆၂.၅ သန်းပေးလာရဖို့ ရှိပါတယ်။
ကွန်ညာဟာ အိုးထရက်ဖို့ဒ်သို့ ပြောင်းလာချိန်တွင် မားကပ်စ်ရက်ဖို့ဒ်ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် ၁၀ ကို ဝတ်ဆင်လာမှာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဗီလာသို့ အငှားဖြင့် သွားကစားခဲ့ရတဲ့ ရက်ဖို့ဒ်ရဲ့ အိုးထရက်ဖို့ဒ်နေ့ရက်များ အဆုံးသတ် သွားပြီလည်း ဖြစ်ပါတယ်။
ရက်ဖို့ဒ်ဟာ ဇန်နဝါရီလတုန်းက ဗီလာသို့ အငှားဖြင့် ပြောင်းပြီးနောက် ၁၄ ပွဲကစားရာတွင် ၂ ဂိုးသွင်းပြီး ၄ ကြိမ်ဖန်တီးပေးနိုင်ခဲ့ပါတယ်။
ဗီလာဟာ ရက်ဖို့ဒ်ကို အငှားဖြင့် ခေါ်ယူတုန်းက ပေါင်သန်း ၄၀ ဖြင့် အပြီးသတ်ခေါ်ယူနိုင်မဲ့အချက်ကို ထည့်သွင်းချုပ်ဆိုခဲ့ပေမဲ့လည်း ချန်ပီယံလိဂ်ဝင်ခွင့် လွဲချော်သွားမှုနှင့်အတူ အပြီးသတ်ခေါ်ယူရေး စဉ်းစားလာဖို့ ရှိပါတယ်။
ရက်ဖို့ဒ်ဟာ လာမယ့်ရာသီတွင် ချန်ပီယံလိဂ်ကစားလိုနေပြီး ပုံမှန်ကစားခွင့်ရမဲ့ အသင်းသို့ ပြောင်းလိုနေပေမဲ့လည်း သူ့ရဲ့ တစ်ပတ်လုပ်ခ ပေါင် ၃၂၅၀၀၀ မှာ ကလပ်များအတွက် အတားအဆီးတစ်ခု ဖြစ်နေပါတယ်။
သူဟာ ကွန်ညာက ကျောနံပါတ် ၁၀ ရယူလာမုနှင့်အတူ အိုးထရက်ဖို့ဒ်သို့ ပြန်လာဖို့ မရှိဘဲ အပြီးသတ်ပြောင်းရွှေ့နိုင်မဲ့ ကလပ်မတွေ့ပါကလည်း အငှားဖြင့် ထွက်ခွာလာဖို့ ရှိနေပါတယ်။