ယူနိုက်တက်နဲ့ ပတ်သက်တဲ့ အမှန်တရားတွေ နည်းပြဟောင်း ဗန်ဟား ဖော်ထုတ်
မန်ယူနိုက်တက် အသင်း နည်းပြဟောင်း ဗန်ဟားကတော့ လက်ရှိ အသင်းဟာ ဘောလုံးအသင်းတစ်သင်းမဟုတ်ပဲ စီးပွါးရေးကို အဓိကထား လှုပ်ရှားနေတဲ့ အသင်းတစ်သင်းသာ ဖြစ်ကြောင်း အသင်းပိုင်ရှင်တွေကို ထိထိမိမိ ဝေဖန်သွားခဲ့ပါတယ်။
ဖာဂူဆန်ခေတ်လွန် မန်ယူအသင်းကို စည်းကမ်းပိုင်းဆိုင်ရာ တင်းကြပ်မှုတွေနဲ့ အဆင့်တစ်ခုအထိ ဆွဲခေါ်ပေးနိုင်ခဲ့တဲ့ ဗန်ဟားဟာ အသင်းပိုင်ရှင်တွေရဲ့ အစီအစဉ်တွေကို မကျော်လွန်နိုင်ခဲ့ပဲ မော်ရင်ဟိုထံ အသင်းကို လက်လွှဲပေးခဲ့ရဖူးပါတယ်။
မန်ယူအသင်းဟာ ဖာဂူဆန်လက်ထက်ပြီးကတည်းက ကွင်းတွင်းအောင်မြင်မှုတွေနဲ့ ဝေးကွာနေလာခဲ့ရတာ ဖြစ်ပြီး ကမ္ဘာတစ်လွှားက အသင်းပရိသတ်တွေအကြိုက် ကစားသမားအချို့ကို ငွေပုံပေးခေါ်ယူခဲ့ပေမယ့် တစ်ယောက်မှ ထိထိရောက်ရောက်အသင်းကို မကယ်တင်ပေးနိုင်ခဲ့ပါဘူး။
အသင်းရဲ့ ပေါ်လစီက ပရိသတ်အကြိုက် ကစားသမားတွေကိုသာ အသင်းထံ အရခေါ်ယူပေးနေသလိုမျိုး ဖြစ်နေပြီး နည်းပြတွေကိုတော့ အသင်းရဲ့ အပြောင်းအရွှေ့ ကိစ္စတွေမှာ ထင်သလောက် ပါဝင်ပတ်သက်ခွင့် မပေးထားပါဘူး။
လက်ရှိ အသင်းပူးတွဲပိုင်ရှင် ရက်ကလစ်ဖ်တို့ လက်ထက်ရောက်မှသာ အသင်းရဲ့ ဉီးတည်ချက်တွေက အနည်းငယ်ပီပီပြင်ပြင် ဖြစ်လာခဲ့ပြီး ဂလေဇာမိသားစုအသင်းကို စီမံခဲ့စဉ်တုန်းကတော့ တစ်မိသားစုလုံး အသင်းမှာ ရာထူးအမျိုးမျိုးရယူကာ သောက်သောက်လဲဝင်ငွေတွေ ဖန်တီးခဲ့ကြဖူးပါတယ်။
ဗန်ဟားက “ မန်ယူက စီးပွါးရေးအသင်းတစ်သင်းပါပဲ၊ သူတို့က ဘောလုံးအသင်းတစ်သင်း မဟုတ်ပါဘူး၊ ကျွန်တော် ဒီစကားကို အရင်တုန်းကလည်း ပြောခဲ့ဖူးပါတယ်၊ ဘယ်ကစားသမားတွေ ခေါ်မလဲ၊ ဘယ်ကစားသမားတွေ ထုတ်မလဲဆိုတာက နည်းပြ ရဲ့ ဆုံးဖြတ်ချက်နဲ့ လုံးဝကို သက်ဆိုင်ခြင်း ရှိမနေခဲ့ပါဘူး၊”
“အဲ့ဒါက တော်တော်လေးကို ခက်တဲ့ အနေထားတစ်ခုပါပဲ၊ သူတို့ စိတ်ကြိုက်ဖန်တီးထားတဲ့ အသင်းကို နည်းပြ တစ်ယောက်ယောက်က တာဝန်ယူရတယ်၊ အဲ့ဒီနောက် အသင်းရလဒ်မကောင်းရင်တော့ အဲ့ဒီနည်းပြကို သူတို့ထုတ်ပစ်လိုက်တယ်၊ အဲ့ဒီလိုပုံစံနဲ့ သူတို့ လည်ပတ်နေခဲ့တာပါ ” ဆိုပြီး ပြောဆိုသွားခဲ့ပါတယ်။
ဗန်ဟားလက်ထက်တုန်းက ဟာရဲရား၊ လုခ်ရှော၊ ရိုဂျို၊ ဖယ်လ်ကာအို၊ ဒါလေဘလိုင်း၊ ဒီမာရီယာ စတဲ့ ကစားသမားတွေကို ပေါင် သန်း ၁၅၀ အထိ အသုံးပြုခေါ်ယူခဲ့ပေမယ့် အဆိုပါ ကစားသမားတွေက ဗန်ဟား ခေါ်ယူချင်ခဲ့တဲ့ ကစားသမားတွေ မဟုတ်ခဲ့တာကြောင့် အဆိုပါအချိန်တုန်းကတည်းက အသင်းနဲ့ ဗန်ဟားကြား တင်းမာမှုတွေ ရှိနေခဲ့တာ ဖြစ်ပါတယ်။