ကလပ်အသင်း အခြေဆိုးခဲ့ပေမယ့် နိုင်ငံအသင်း ပေါ်တူဂီနဲ့ ဖလားရသွားတဲ့ ဘရူနို ဖာနန်ဒက်စ်

မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ်က ကလပ်အသင်းနဲ့ ဝမ်းနည်းဖွယ်နှစ်တစ်နှစ်ကို ဖြတ်သန်းခဲ့ပြီးနောက် နေးရှင်းလိဂ်အောင်ပွဲက အံ့မခန်းဖြစ်ခဲ့တယ်လို့ ပြောဆိုခဲ့ပါတယ်။

ပေါ်တူဂီအသင်းကို ဒုတိယအကြိမ်မြောက် နေးရှင်းလိဂ်ဖလားရရှိအောင် ကူညီပေးနိုင်ခဲ့ပြီးနောက် ဘရူနို ဖာနန်ဒက်စ်က ပရိသတ်တွေနဲ့ လက်ရွေးစင်အသင်းအပေါ်မှာထားတဲ့ သူ့ရဲ့ စိတ်ထားကို ဖွင့်ဟခဲ့ပြီး အသင်းနဲ့ ခက်ခဲတဲ့ရာသီရင်ဆိုင်ခဲ့ရတဲ့အကြောင်းနဲ့ လက်ရွေးစင်အသင်းအတွက် ဖလားရယူပေးရတာဟာ ဘာနဲ့မှ မတူတဲ့ ဂုဏ်ယူစရာလို့ ပြောဆိုခဲ့ပါတယ်။

“ပေါ်တူဂီအတွက် ဆုဖလားရယူပေးရတာက မတူညီပါဘူး။ ကျွန်တော့်အတွက် ကလပ်အသင်းအဆင့်မှာ ခက်ခဲတဲ့ရာသီတစ်ခုဖြစ်ခဲ့ပေမယ့် ကျွန်တော်တို့ ပြည်သူတွေအတွက်၊ ကျွန်တော်တို့ မိသားစုတွေအတွက်၊ နိုင်ငံအတွက် အောင်မြင်မှုရယူပေးရတာက အံ့မခန်းပါပဲ”

မန်ယူနိုက်တက် ကွင်းလယ်ကစားသမားဟာ အိုးထရက်ဖို့ဒ်မှာ ပုံမှန်ခြေစွမ်းမပြသနိုင်မှုအတွက် ဝေဖန်မှုတွေ ခံခဲ့ရသူဖြစ်ပြီး ပေါ်တူဂီက ဂျာမနီနဲ့ စပိန်တို့ကို အလဲထိုးနိုင်ခဲ့တဲ့ပွဲတွေမှာ အရေးကြီးတဲ့နေရာကနေ ကစားပေးခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ဆုဖလားတွေနဲ့ နည်းဗျူဟာတွေထက် ဒီအချိန်မှာ စိတ်ထိခိုက်ဝမ်းနည်းစရာတွေကို ဖြေလျှော့နိုင်ခဲ့တာကတော့ အရေးအကြီးဆုံးဖြစ်ခဲ့ပုံပေါ်ပါတယ်။

ဖာနန်ဒက်စ်က အသင်းရဲ့ စည်းလုံးမှုနဲ့ စည်းကမ်းလိုက်နာမှုကို ချီးကျူးခဲ့ပြီး အထူးသဖြင့် ဉရောပထိပ်သီးအသင်း ၂ သင်းနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ပွဲက ဖိအားမြင့်မားတဲ့အခြေအနေမှာ ပြုမူခဲ့တဲ့ပုံစံကို ချီးကျူးမှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

“ဂျာမနီ၊ စပိန်တို့နဲ့ပွဲမှာ အဓိကသော့ချက်က သူတို့တွေ ဘောလုံးပိုင်ဆိုင်မှု ပြန်ရသွားတဲ့အခါမှာ ကျွန်တော်တို့ ဘယ်လိုပြန်တုံ့ပြန်ခဲ့လဲဆိုတာ ဖြစ်ပါလိမ့်မယ်။ သူတို့တွေက စိတ်အေးအေးနဲ့ ဘောလုံးကို တည်တည်ငြိမ်ငြိမ် ကစားခဲ့ပြီး အဲဒါကြောင့် ကျွန်တော်တို့က လျင်လျင်မြန်မြန် ပရက်ဆင်ပေးပြီး တုံ့ပြန်ခဲ့ရတယ်။

ကျွန်တော်တို့ ကောင်းကောင်း လုပ်နိုင်ခဲ့ပါတယ်။ ဟုတ်ပါတယ်။ ကျွန်တော်တို့ ဘောလုံးနဲ့အတူ ကစားပုံကို တိုးတက်အောင် လုပ်နိုင်ပါတယ်။ ဒါပေမယ့် ဒီနေ့ကတော့ အကောင်းတကာ့ အကောင်းဆုံးဖြစ်ခဲ့ပါတယ်။”လို့ ပြောကြားခဲ့ပါတယ်။