အဲရစ်ဆန် အပါအဝင် ကစားသမား ၁၀ ဦးနဲ့ မန်ချက်စတာ ယူနိုက်တက် လမ်းခွဲမှု အတည်ပြု
မန်ချက်စတာယူနိုက်တက်အသင်းဟာ ကစားသမား ၁၀ ဦးနဲ့ လမ်းခွဲလိုက်ပြီဖြစ်တယ်ဆိုတာကို အတည်ပြုကြေညာခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ သူတို့နဲ့လမ်းခွဲခဲ့တဲ့ ကစားသမားစာရင်းကို ထုတ်ပြန်ခဲ့ပြီး အဲဒီထဲမှာ နာမည်ကျော်ကစားသမားတချို့လည်း ပါဝင်ခဲ့ကြပါတယ်။
ယူနိုက်တက်အသင်းရဲ့ စီနီယာကစားသမားတွေဖြစ်တဲ့ အဲရစ်ဆင်၊ အီဗန်စ်နဲ့ လင်ဒီလော့ဖ်တို့ဟာ ယူနိုက်တက်အသင်းက စာချုပ်သက်တမ်းတိုးမှာ မဟုတ်တော့လို့ အိုးလ်ထရက်ဖို့ဒ်ကနေ ထွက်ခွာတော့မှာဖြစ်ပါတယ်။
၂၀၁၇ ခုနှစ်တုန်းက ဘင်ဖီကာအသင်းကနေ ယူနိုက်တက်ကို ပြောင်းရွှေ့ခဲ့သူ လင်ဒီလော့ဖ်ဟာ ယူနိုက်တက်အသင်းမှာ ၈ နှစ်ကြာကစားခဲ့ပြီး ပွဲပေါင်း ၂၈၄ ပွဲကစားခဲ့သလို FA ဖလား၊ လိဂ်ဖလားတွေ ရယူနိုင်ခဲ့ပါတယ်။
ယူနိုက်တက်အသင်း ပရီးမီးယားလိဂ်ဖလား နောက်ဆုံးအကြိမ်ရရှိခဲ့တုန်းက ပါဝင်ခဲ့တဲ့ တစ်ဦးတည်းသော လက်ကျန်ကစားဖြစ်သူ အီဗန်စ်ကတော့ ဝက်စ်ဘရွန်း၊ လက်စတာအသင်းတွေမှာ ကစားသမားဘဝဖြတ်သန်းခဲ့ပြီးတဲ့နောက် ၂၀၂၃ ခုနှစ်မှာ ယူနိုက်တက်အသင်းကို အလွတ်နဲ့တစ်ကျော့ပြန်ရောက်ခဲ့ပါတယ်။
အသက် ၃၇ နှစ်အရွယ်ရှိပြီဖြစ်သူ အီဗန်စ်ဟာ ဘောလုံးသမားဘဝကနေ အနားယူဦးမှာ မဟုတ်သေးဘဲ လိဂ်ချန်ပီယံရှစ်ကလပ် ဝရက်ဇ်ဟမ်းအသင်းဆီ ပြောင်းရွှေ့ဖို့ နီးစပ်နေပါပြီ။
ဒိန်းမတ်ဝါရင့်ကွင်းလယ်လူ အဲရစ်ဆင်ကတော့ ၂၀၂၂ ခုနှစ်မှာ ယူနိုက်တက်ကို အလွတ်နဲ့ရောက်ရှိခဲ့ပြီး အသင်းအတွက် ၁၀၈ ပွဲကစား၊ ၈ ဂိုးသွင်း၊ ဂိုးဖန်တီးမှု ၁၉ ကြိမ်ပြုလုပ်ခဲ့ပါတယ်။
ဝါရင့်ဂိုးသမားကြီး တွမ်ဟီတန်ကို ယူနိုက်တက်အသင်းက နောက်တစ်ရာသီ ဆက်ကစားဖို့ ဆွေးနွေးမှုပြုလုပ်နေပြီး သဘောတူညီမှု မရရင်တော့ တွမ်ဟီတန်ဟာ အသင်းနဲ့လမ်းခွဲမှာဖြစ်ပါတယ်။
ယူနိုက်တက်အသင်းနဲ့လမ်းခွဲခဲ့တဲ့သူတွေက လူငယ်ကစားသမားလေးတွေဖြစ်ကြတဲ့ ဂရာချက်၊ ဂျက်ကင်းဒန်း၊ ဆမ်မာရေး၊ တွမ်မိုင်းလ်၊ ဂျိမ်းစ်နိုလန်၊ တွမ်ဝူစတာတို့ပဲဖြစ်ပါတယ်။