ပွဲကြပ်ကာလမှာ စပါးအသင်းရဲ့ ကိုဗစ်ပျံ့နှံ့နေမှုကြောင့် အခက်တွေ့နေတဲ့ နည်းပြကွန်တီ

ကြာသပတေးနေ ရန်းနက်စ်နဲ့ ဥရောပပွဲမတိုင်ခင် ကိုဗစ်ရောဂါပိုးကူးစက်မှု များပြားခြင်းကြောင့် စပါးရဲ့ လူစာရင်းဟာ ထိခိုက်မှု ရှိနေခဲ့ပြီလို့ သိရပါတယ်။

အန်တိုနီယို ကွန်တီရဲ့ အသင်းဟာ ယူရိုပါ ကွန်ဖရန့်စ်လိဂ် အုပ်စုအဆင့်ကနေ တက်နိုင်ဖို့ မြောက်လန်ဒန်မှာ အနိုင်ရဖို့ လိုအပ်နေတာပါ။ ဒါပေမယ့် ကစားသမားများစွာက အဆိုပါပွဲမှာ ပါဝင်နိုင်ဖွယ် မရှိပဲ ပရီးမီးယားလိဂ်မှာ ကိုဗစ် ပေါ့စတစ် ဖြစ်နေတဲ့ လူသစ် ၁၂ ယောက်ထဲ စပါးအသင်းက ၆ ယောက် ပါဝင်တယ်လို့ သိရပါတယ်။

ပရီးမီးယားလိဂ်ဘက်က “နိုဝင်ဘာ ၂၉ ကနေ ဒီဇင်ဘာ ၅ ရက်အတွင်း နှစ်ကြိမ်စစ်ဆေးမှုမှာ ကစားသမားနဲ့ ကလပ်ဝန်ထမ်း ၃၁၅၄ ယောက်ကို စစ်ဆေးခဲ့ပြီး ပေါ့စတစ်ဖြစ်တဲ့ လူသစ် ၁၂ ယောက် တွေ့ရှိခဲ့ကြောင်း ပရီးမီးယားလိဂ်က အတည်ပြုနိင်ပါတယ်။

ပရီးမီးယားလိဂ်ဟာ မှန်ကန်ပြီး ပွင့်လင်းမြင်သာတဲ့ ပြိုင်ပွဲရဲ့ ရည်ရွယ်ချက်အတွက် ဒီ စုစုပေါင်း သတင်းအချက်အလက်ကို ထုတ်ပြန်လိုက်ပါတယ်။ ကလပ်တွေနဲ့ ကစားသမား တစ်ဦးချင်းစီရဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ ပြောပြသွားမှာမဟုတ်ပဲ အပတ်စဉ် ရလဒ်တွေကို ချပြသွားမှာပါ ” လို့ ထုတ်ပြန်ခဲ့ပါတယ်။

ကြာသပတေးနေ့ပွဲဟာ စပါးရဲ့ ပွဲကျပ်ကာလ အစပဲ ရှိသေးတာပါ။ စပါးရဲ့ နောက်ထပ် ပရီးမီးယားလိဂ်ပွဲဟာ တနင်္ဂနွေနေ့မှာ ဘရိုက်တန်နဲ့ အဝေးကွင်း သွားရောက်ကစားရမှာပါ။ အဲ့ဒါပြီးရင် ကြာသပတေးနေ့မှာ လက်စတာနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး နောက် ၃ ရက်အကြာမှာ လီဗာပူးက တော့တင်ဟမ်ဟော့စပါးကွင်းကို လာရောက်ကစားမှာ ဖြစ်ပါတယ်။

ဥရောပဘောလုံးအဖွဲ့ချုပ်ရဲ့ စည်းမျဉ်းတွေအရ ဥရောပ ကစားပွဲတွေမှာ ‘အသင်းတစ်သင်းဟာ အေအဆင့်ရှိ ကစားသမား ၁၃ ယောက်ထက် နည်းပါးခြင်း ဒါမှမဟုတ် စာရင်းသွင်းပြီးသား ဂိုးသမား မရှိခြင်း ဖြစ်မှသာ ပွဲကို ရွှေ့ဆိုင်းရနိုင်သည်’ ဆိုတဲ့ အချက်ပါဝင်တာကြောင့် စပါးအနေနဲ့ ရန်းနက်စ်နဲ့ပွဲကို ရွှေ့ဆိုင်းခွင့်ရဖို့ မရှိပါဘူး။

ဒါပေမယ့် ပရီးမီးယားလိဂ်ကတော့ မတူညီတဲ့ သတ်မှတ်ချက်ရှိထားပြီး ကိုဗစ်ရောဂါပိုး ပျံ့နှံ့များပြားလာမှုကြောင့် ကလပ်ဘက်က တောင်းဆိုရင် ပွဲကို ဖျက်သိမ်းခွင့် ရနိုင်ပါတယ်။ မနှစ်က ဆောင်းရာသီအတွင်း မန်စီးတီးဟာ အဲဗာတန်နဲ့ပွဲကို ဖျက်သိမ်းခဲ့ပြီး စပါးကလဲ ဖူလ်ဟမ်နဲ့ပွဲကို ရွှေ့ဆိုင်းခဲ့သေးတာ ဖြစ်ပါတယ်။