ယူနိုက်တက် အသင်းသား ဖြစ်ပြီးမှ အပိုင်တွေ လွဲလို့ အပြောခံနေရတဲ့ ကွန်ညာ

မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ စာချုပ်ချုပ်ဆိုပြီး သိပ်မကြာခင်မှာပဲ ကွန်ညာ တစ်ယောက် အပိုင်အခွင့်အရေးတွေ လွဲချော်နေတာကြောင့် ပြိုင်ဘက် ပရိသတ်တွေက လှောင်ပြောင်နေကြပါတယ်။

ကွန်ညာဟာ ပြီးခဲ့တဲ့ရာသီ ဝုလ်ဗ်နဲ့ တောက်ပတဲ့ ခြေစွမ်းတွေ ပြသခဲ့သူ တစ်ယောက် ဖြစ်ပြီး ပြီးခဲ့တဲ့ ရက်ပိုင်းကမှ မန်ယူအသင်းထံ ပေါင် ၆၂.၅ သန်းနဲ့ တရားဝင် ပြောင်းရွှေ့နိုင်ခဲ့ပါတယ်။

မန်ယူအသင်းကစားသမား ဖြစ်ပြီးနောက် ပါရာဂွေးနဲ့ပွဲမှာ လက်ရွေးစင် ဘရာဇီးလ်အတွက် ပါဝင်ကစားပေးခဲ့တဲ့ ကွန်ညာတစ်ယောက် အသင်းဖော် မာတင်နယ်လီရဲ့ အပိုင်ဖန်တီးပေးမှုကို အံ့အားသင့်ဖွယ်ကောင်းလောက်အောင် ဂိုးပေါက် လွဲချော်ခဲ့ပါတယ်။

အသင်းက ၁-၀ နဲ့ အနိုင်ရခဲ့ပေမယ့် ကွန်ညာရဲ့ အပိုင်လွဲချော်မှုကို ပရိသတ်အချို့က ထင်ကြေး အမျိုးမျိုး ပေးနေကြပြီး မန်ယူအသင်းရောက်မှ ကွန်ညာ ယခုလို အပိုင်အခွင့်အရေးတွေကို စတင်လွဲချော်လာခဲ့ပြီဆိုပြီး လှောင်ပြောင်သူတွေလည်း ရှိနေပါတယ်။

ကွန်ညာဟာ ယခုတစ်ခေါက်ပွဲမှာ ဘရာဇီးလ်အတွက် နံပါတ် ၁၀ နေရာကနေ ပါဝင်ကစားပေးခဲ့တာ ဖြစ်ပြီး မန်ယူအသင်းမှာလည်း အဆိုပါ နေရာကနေ ပါဝင်ကစားရဖို့ ကြိုတင်ခန့်မှန်းခြင်း ခံထားရသူ တစ်ယောက်လည်း ဖြစ်ပါတယ်။